မိုးဗြဲဆည်ကြောင့် ရေလွှမ်း

  • 4 အောက်တိုဘာ 2011
Kayar Flood
Image caption မိုးဗြဲဆည်ကြောင့် ရေပတ်လည်ဝိုင်း

မိုးဗြဲ ရေကာတာကနေ ၁၅ မိနစ် တခါ ရေထုတ်လွှတ်မှုကြောင့် ကယားပြည်နယ် မြို့တော် လွိုင်ကော်မြို့ အနီး ကျေးရွာတွေမှာ ရေလွှမ်းမိုးမှု ဖြစ်ပွားခဲ့ပါတယ်။

ကျေးရွာသုံးရွာမှာ ရှိတဲ့ အိမ်ခြေ ၅၀၀ ကျော် ရေလွှမ်းခံခဲ့ရပြီး၊ စပါး စိုက်ခင်း ဧက ၅၀၀ ကျော်လည်း ပျက်စီးခဲ့တယ်လို့ ကရင်နီဖွံ့ဖြိုးရေး သုတေသန အဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

ကျေးရွာတွေကို ရေဖုံးလွှမ်းခံနေရတာဟာ တလကျော်ကြာသွားပါပြီ။ တချို့ တထပ်အိမ်တွေဟာ အိမ်ခေါင်မိုးအထိ ရေနစ်မြုပ်ခံနေရတယ်လို့လည်း ဆိုပါတယ်။

ရွာသားတွေထဲက တချို့ဟာ ဆွေမျိုးနီးချင်းတွေရဲ့ အိမ်၊ ခရစ်ယန်ဘုရားရှိခိုးကျောင်းနဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေမှာ တည်းခိုနေကြရပြီး၊ တချို့က ရေလွတ်ရာနေ ရာမှာ တဲထိုးနေကြသလို၊ တချို့နှစ်ထပ်အိမ်ရှိသူတွေကလည်း အိမ်ထဲမှာပဲ ပေကပ် ခိုအောင်းနေကြတယ်လို့ ဆိုပါတယ်။

World Vision ၊ Care Myanmar နဲ့ တချို့ ဘာသာရေး အဖွဲ့အစည်း အနည်းငယ်ကသာ လာရောက် အကူအညီပေးကြတယ်လို့လည်း ဆိုပါတယ်။

အခုလို အခြေအနေတွေကြောင့် သံလွင်မြစ်၊ ပွန်ချောင်း၊ သဘက်ချောင်းတွေပေါ်မှာ တရုတ်နဲ့ ပူးပေါင်းပြီး နောက်ထပ် ဆောက်လုပ်ဖို့ ပြင်ဆင်နေတဲ့ ရေကာတာတွေကို မဆောက်လုပ်ဖို့ ကရင်နီဖွံ့ဖြိုးရေး သုတေသန အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်းမှာလောက် လွတ်လပ်ခွင့်မရှိဘဲ၊ တောင်းဆိုဆန္ဒပြရင် ဖမ်းဆီးနှိပ်စက်မှာကို စိုးရိမ်ပူပန်ကြတာကြောင့် လူထုရဲ့ ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်သံကို မကြားရပေမဲ့ ရေကာတာတည်ဆောက်မှာကို မလိုလားတဲ့ နေရာမှာ ပြည်မက မြန်မာလူမျိုးတွေထက် မယုတ်လျော့ဘူးလို့လည်း ကရင်နီဖွံ့ဖြိုးရေးသုတေသန အဖွဲ့ရဲ့ ဆက်သွယ်ရေးတာဝန်ခံ ခူးတောရယ် ကပြောပါတယ်။