SSA တောင်ပိုင်းကို ငြိမ်းချမ်းရေး ကမ်းလှမ်း

  • 4 အောက်တိုဘာ 2011

မြန်မာ အစိုးရ ဘက်က SSA ရှမ်းပြည် တပ်မတော် တောင်ပိုင်း ကို ငြိမ်းချမ်းရေး စကား ကမ်းလှမ်း ခဲ့တယ်လို့ SSA ဘက်က ပြောပါတယ်။

ဓာတ်ပုံ မူပိုင် SSA
Image caption SSA တောင်ပိုင်းကို အစိုးရ ဘက်က ငြိမ်းချမ်း ရေး ကမ်း လှမ်း

ထိုင်း အာဏာပိုင်တွေ ကနေ တဆင့် ကမ်းလှမ်း ခဲ့တာ ဖြစ်တယ်လို့ ရှမ်းပြည် တပ်မတော် တောင်ပိုင်း အဖွဲ့ ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်း လောင်စိုင်းက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ လကလည်း ရှမ်းပြည် တောင်ပိုင်းက ဌာနေ ပြည်သူ့ စစ်တွေ ကနေ တဆင့်လည်း ဆက်သွယ်လာတာ ရှိတယ်လို့ သူက ပြောပါတယ်။

ရှမ်းပြည် တပ်မတော် တောင်ပိုင်း အနေနဲ့ ကလည်း ငြိမ်းချမ်းရေး ကို လိုလားတာကြောင့် အစိုးရ ဘက်က တရားဝင် ငြိမ်းချမ်းရေး ကမ်းလှမ်း လာမယ် ဆိုရင် သူတို့ ဘက်က လက်ခံဖို့ အသင့် ရှိတယ် ဆိုတာ အကြောင်း ပြန်ပြီး ဖြစ်တယ်လို့ ဗိုလ်မှူး စိုင်းလောင်စိုင်းက ပြောပါတယ်။

ဆွေးနွေးတဲ့ နေရာမှာ ကြိုတင် သတ်မှတ်ချက်တွေ မထားဘဲ ဆွေးနွေးပွဲ ဖြစ်ဖို့ ကိုသာ အဓိက ထားပြီး ဆွေးနွေးပွဲ စတင် ဖြစ်တဲ့ အချိန် ကျရင် နှစ်ဘက် ဘာတွေ လိုလားတယ် ဆိုတာကို ပြန်လည် စဉ်းစား ကြမယ်လို့ လည်း သူက ပြောပါတယ်။

တကယ်တန်း ငြိမ်းချမ်းရေး ဖြစ်လာဖို့ကတော့ မြန်မာ အစိုးရ အပေါ်မှာသာ မူတည် နေတယ် အစိုးရ ဘက်က အသင့် ဖြစ်ရင် ရှမ်းပြည် တပ်မတော် တောင်ပိုင်း အနေနဲ့ လက်ခံ ဆွေးနွေးမှာပါလို့ ဗိုလ်မှူး စိုင်း လောင်စိုင်းက ပြောပါတယ်။

လောလောဆယ်မှာတော့ အစိုးရဘက်က အကြောင်းပြန်ကြားမှု မရှိသေးဘူးလို့ သူက ဆိုပါတယ်။

အစိုးရ ဘက်က ကမ်းလှမ်းမှုကို SSA( North) ရှမ်းပြည် တပ်မတော် မြောက်ပိုင်း ကလည်း ကြိုဆိုတယ်လို့ အဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

ပြီးခဲ့တဲ့ လကပဲ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း ကို မြန်မာ အစိုးရ ဘက်က ဘုန်းကြီး နှစ်ပါး စေလွှတ်ပြီး စကား ပါးခဲ့တာ ရှိပေမဲ့ အခုထိတော့ နောက်ထပ် ဆက်သွယ် လာတာ မရှိ သေးဘူးလို့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

တကယ်တန်း ငြိမ်းချမ်းရေး ဆွေးနွေး ကြမယ် ဆိုရင် ပဏာမ အဆင့် အနေနဲ့ အပစ်အခတ် ရပ်စဲပြီး တစ်ဘက်နဲ့ ဘစ်ဘက် ယုံကြည်မှု တည်ဆောက်ဖို့ လိုတယ် လို့လည်း ရှမ်းပြည် တပ်မတော် မြောက်ပိုင်း အဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။