ပုဂ္ဂလိက ကျောင်း ဥပဒေ လွှတ်တော် နှစ်ရပ် သဘောကွဲ

  • 5 အောက်တိုဘာ 2011

အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော် နှစ်ရပ်ကြားမှာ ပုဂ္ဂလိက ကျောင်း ဆိုင်ရာ ဥပဒေ မူကြမ်းနဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲကြတဲ့ အတွက် ပြည် ထောင်စု လွှတ်တော်မှာ ဆွေးနွေး ကြရတော့မှာ ဖြစ်ပါတယ်။

Image caption အမျိုးသား လွှတ်တော်က တင်ပြချက် တွေကို ပြည်သူ့ လွှတ်တော် လက်မခံ

ဒါဟာ အစိုးရသစ် တက်လာပြီးတဲ့နောက် ပထမဆုံး အကြိမ် လွှတ်တော် နှစ်ရပ်ကြားမှာ သဘောထား ကွဲလွဲမှုကို စတင် တွေ့မြင်ရတာ ဖြစ်ပါတယ်။

အမျိုးသား လွှတ်တော်က အတည်ပြုပြီး ပြည်သူ့ လွှတ်တော်ကို ပေးပို့ ခဲ့တဲ့ ပုဂ္ဂလိက ကျောင်း ဥပဒေ မူကြမ်းကို ပြည်သူ့ လွှတ်တော်က အချက် ငါးချက်ကို ပြင်ဆင် လိုက်တာ ဖြစ်ပါတယ်။

ပြင်ဆင်ပြီးသား ထဲက လေး ချက်ကို အမျိုးသား လွှတ်တော်က သဘော မတူတဲ့ အတွက် ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးပြီးမှ အတည်ပြု ကြဖို့ ဖြစ်လာ တာလို့ အမျိုးသား လွှတ်တော် အမတ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

ကွဲလွဲချက်များ

ကိုယ်ပိုင်ကျောင်း တည်ထောင်ခွင့်နဲ့ စစ်ဆေးခွင့် တို့ကို လူမှုရေး ဝန်ကြီးကနေ တဆင့် လုပ်ဆောင်ဖို့ ပြည်သူ့လွှတ်တော်ရဲ့ တင်ပြချက်ကို အမျိုးသား လွှတ်တော်က လက်မခံ ပါဘူး။

Image caption လွှတ်တော် အမတ်များ

အဲဒီ တည်ထောင်ခွင့် နဲ့ စစ်ဆေးခွင့် စတာ တွေကို အမျိုးသား လွှတ်တော် ဥပဒေမူကြမ်း ကော်မီတီက တိုင်းနဲ့ ပြည်နယ် ပညာရေးမှူးတွေ ကနေ တဆင့် ဆောင်ရွက်ဖို့ တင်ပြချက် ကိုလည်းပြည်သူ့ လွှတ်တော်က လက်မခံ ပါဘူး။

တခါ ပြည်သူ့ လွှတ်တော်က ကိုယ်ပိုင်ကျောင်း တွေမှာ မူလတန်း အဆင့်ကို ဖြုတ်စေလို ပေမဲ့ အမျိုးသား လွှတ်တော်က ထည့်သွင်းလိုတဲ့ အတွက် ဒီနေရာမှာလည်း ကွဲလွဲနေပြန် ပါတယ်။

မူလတန်းကျောင်း တွေမှာ လွတ်လွတ်လပ်လပ် ဝတ်စား ဆင်ယင်ခွင့် ပြုဖို့ အမျိုးသား လွှတ်တော်က လိုလား ပေမဲ့ ပြည်သူ့ လွှတ်တော်က မူလတန်း အဆင့်ကို လက်မခံတဲ့ အတွက် ဒီအချက်ကို ထည့်သွင်း စဉ်းစား မထားပါဘူး။

လွှတ်တော် နှစ်ရပ်စလုံး သဘောတူ နိုင်တဲ့ အချက်ကတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားရိပ်သာတွေ ထားရှိရေး ဆိုတဲ့ နောက်ဆုံး အချက် တစ်ချက် ပဲ ဖြစ်ပါတယ်။

အခုလို ကိုယ်ပိုင်ကျောင်း ဆိုင်ရာ ဥပဒေ မူကြမ်းလိုပဲ တခြား ဥပဒေမူကြမ်းတွေ မှာလည်း သဘော မတူနိုင်တဲ့ အချက်တွေ ရှိလာနိုင်တဲ့ အတွက် ပြည်ထောင်စု လွှတ်တော်မှာ တင်ပြ ဆွေးနွေးစရာတွေ ရှိလာနိုင်တယ်လို့ လည်း ဦးဖုန်းမြင့်အောင်က ပြောပါတယ်။