နိုင်ငံခြားသွားရင် ဒေါ်လာ ၂၀၀၀ ထိ လဲယူသွားနိုင်

  • 6 အောက်တိုဘာ 2011
ဒေါ်လာ ဓာတ်ပုံ မူပိုင် BBC World Service
Image caption အပြင် ပေါက်စျေး နဲ့ သိတ်မကွာတဲ့ နှုန်းနဲ့ လဲ နိုင်

မြန်မာနိုင်ငံ က နိုင်ငံခြားသွားမယ့် သူ တွေ မြန်မာ ကျပ်ငွေ ကို ပေါက်စျေး နဲ့ ပေးပြီး ဒေါ်လာ ၂၀၀၀ ထိ လဲ ယူ သွားနိုင် ပါပြီ။

ကမ္ဘောဇ ဘဏ် ဒုတိယ ဥက္ကဌ ဦးသန်းလွင် က နိုင်ငံခြား သွားမယ် ဆိုတဲ့ အထောက်အထား ဥပမာ ပတ်စပို့၊ လေယာဉ် လက်မှတ် စတာတွေ ပြ သနိုင်ရင် တဦး ကို ဒေါ်လာ ၂၀၀၀ ထိ လဲ ပေးကြောင်း ဘီဘီစီ ကို ပြော ပါတယ်။

နိုင်ငံခြားမှာ ဆေးသွားကု တဲ့ သူတွေ အတွက် ဆိုရင် တော့ ဒီထက် ပိုပြီး လဲပေး ကြောင်း နဲ့ နိုင်ငံခြား ကို ဆေးကု သွားတဲ့ တချို့ ဆို ဒေါ်လာ သောင်း ဂဏန်း ထိ လဲ ယူ သွားတယ် လို့ လည်း သူ က ဆိုပါတယ်။

အောက်တိုဘာ လ ၁ ရက် နေ့ကစပြီး ကမ္ဘောဇ ဘဏ် အပါအဝင် ပုဂ္ဂလိက ဘဏ် ၆ ခု မှာ ကျပ်ငွေ နဲ့ နိုင်ငံခြားငွေ ဖြစ်တဲ့ အမေရိကန် ဒေါ်လာ၊ စင်ကာပူ ဒေါ်လာ တွေ လဲလှယ် နိုင်ကြောင်း အစိုးရ က ခွင့်ပြုခဲ့ ပါတယ်။

ပြင်ပ တရားမဝင် စျေးကွက် မှာ နိုင်ငံခြားငွေ လဲလှယ်တဲ့ နှုန်း နဲ့ သိတ် မကွာတဲ့အတွက် တရားဝင် နိုင်ငံခြားငွေ လဲလှယ် နိုင်တဲ့ အပေါ် အများ က စိတ်ဝင်စားမှု ရှိနေ ကြပါတယ်။

မြန်မာနိုင်ငံ မှာ ကျပ်ငွေ နဲ့ နိုင်ငံခြားငွေ တရားဝင် လဲနှုန်း က လက်တွေ့ မကျတော့ တဲ့ အတွက် လက်တွေ့ စျေးကွက် မှာ တရားမဝင် စျေးနှုန်း နဲ့ ပဲ အလဲအလှယ် ပြုနေရာ ကနေ တရားဝင် နှုန်း တမျိုးတည်း သတ်မှတ် ဖို့ ကြိုးစား နေကြ ချိန် မှာ အခုလို နိုင်ငံခြား ငွေနဲ့ တရားဝင် လဲနိုင်တဲ့ နေရာ တွေ ပေါ်ထွက် လာတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ နိုင်ငံခြားငွေ လက်ထဲမှာ ထားနိုင်ခွင့် က လက်ရှိ ဥပဒေ တွေ အရ ကန့်သတ်မှု တွေ များတဲ့ အတွက် ငွေလဲလှယ်ရေး စျေးကွက် ကျယ်ပြန့်မှာ မဟုတ်ဘူး လို့ သုံးသပ်ကြပါတယ်။