ပါတီ မှတ်ပုံတင်ခွင့် ဥပဒေ ပြင်ဖို့ တင်

  • 6 အောက်တိုဘာ 2011

ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေး ပါတီများ မှတ်ပုံ တင်ခြင်း ဆိုင်ရာ ဥပဒေ တွေထဲက ပြင်ဆင်ချက် သုံးခုကို အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မီတီမှာ ကြာသပတေးနေ့က တင်သွင်းခဲ့ပါတယ်။

Image caption ဥပဒေ ပြင်ဆင်ချက်အရ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မှာ မဝင် ခဲ့တဲ့ ပါတီတွေ လည်း တန်းတူ အခွင့် အရေး ရနိုင် တယ်လို့ဆို

အဲဒါတွေ ကတော့ အခြေခံ ဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ရေး ဆိုတဲ့ နေရာမှာ လေးစား လိုက်နာရေး ဆိုတဲ့ စကားလုံးနဲ့ အစားထိုး လိုက်တာ၊ အကျဉ်း ကျခံ နေရသူ တွေကို နိုင်ငံရေး ပါတီ ဝင်ခွင့် တားမြစ် ထားမှု ပယ်ဖျက် လိုက်တာနဲ့ ရွေးကောက်ပွဲ ပြီးတဲ့ နောက်ပိုင်းမှာ ပါတီသစ် အဖြစ် မှတ်ပုံတင်တဲ့ နိုင်ငံရေး ပါတီတွေက ကြားဖြတ် ရွေးကောက်ပွဲမှာ သုံးနေရာ ဝင်ယှဉ်ပြိုင်ရင် လက်ရှိ နိုင်ငံရေး ပါတီတွေနဲ့ တန်းတူ အခွင့် အရေး ရရှိ စေမယ် ဆိုတဲ့ ပြင်ဆင်ချက် တွေ ဖြစ် ပါတယ်။

အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မီတီ မှာရော လွှတ်တော် နှစ်ရပ် ပေါင်း ဥပဒေ ကြမ်း ကော်မီတီ မှာပါ ကော်မီတီဝင် ဖြစ်တဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုး ကတော့ ရွေးကောက်ပွဲ ကော်မရှင်က အခုချိန်မှာ ပြင်ဆင်ချက်တွေ တင်ရတာဟာ မကြာခင် ပြုလုပ်မယ့် ကြားဖြတ် ရွေးကောက်ပွဲ တွေမှာ ဒေါ်အောင်ဆန်း စုကြည် အပါ အဝင် အန်အယ်လ်ဒီ နဲ့ တခြား နိုင်ငံရေး ပါတီတွေ ပါဝင်လာနိုင်ရေး အတွက် ဥပဒေကို လျှော့ပေါ့ ပေးတာ လို့ သုံးသပ် ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင် ကတော့ လူ့ အခွင့် အရေး စံနှုန်း တွေနဲ့ နိုင်ငံသား တွေရဲ့ အခွင့် အရေး တွေကို ပိုမို တိုးတက် ဖော်ဆောင် နိုင်စေဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြင်ဆင်လိုတာ ဖြစ်တယ်လို့ အကြောင်းပြချက် ပေးတာကို ကိုလည်း ဒေါက်တာ မြတ်ဉာဏစိုးက ဘီဘီစီကို ပြောပါတယ်။