လူ့အခွင့်အရေးကော်မရှင်ထံ တိုင်ကြားနိုင်ပြီ

  • 7 အောက်တိုဘာ 2011
Image caption တရားရုံးရောက်နေတဲ့ အမှုတွေကိုတော့ ကော်မရှင် က ဆောင်ရွက်မပေးပါ

ပြည်သူတွေအနေနဲ့ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံရတယ်ဆိုရင် တိုင်းကြားနိုင် တယ်လို့ အခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကနေ သောကြာနေ့ထုတ် အစိုးရ သတင်းစာတွေ ကနေ ထပ်ပြီး ဆော်သြလိုက်ပါတယ်။

အခုလောလောဆယ် တရားရုံးရောက်နေတဲ့ ဒါမှမဟုတ် တရားရုံးက ဆုံးဖြတ်ပြီး အမှုတွေ ကိုတော့ ဒီကော်မရှင်က ဆောင်ရွက်မပေး နိုင်ဘူးလို့ ဆိုပါတယ်။

အကြောင်းကတော့ တရားရုံးကိုသွားပြီး စောဒက တက်လို့မရကြောင်းနဲ့ တရားရုံးရဲ့ လုပ်ဆောင်ချက်တွေကို ကော်မရှင်အနေနဲ့ ဝင်ရောက် မစွက်ဖက်တဲ့ သဘောဖြစ်ကြောင်းကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေးကော်မရှင် ဥက္ကဌ အငြိမ်းစား သံအမတ်ကြီး ဦးဝင်းမရက ဘီဘီစီကို ရှင်းပြပါတယ်။

တရားရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကတော့ တရားရုံးကိုသွားရမှာ ဖြစ်ကြောင်းကိုလည်း ဦးဝင်းမရက ဆက်ပြောပါတယ်။

လယ်အသိမ်းခံရဲ့ ကိစ္စရပ်တွေမှာတော့ တိုင်းအဆင့်မှာ ကိုယ်တွယ် ဖြေရှင်းလို့ရကြောင်း ဒါပေမယ့် ကော်မရှင်ကို တိုင်းကြားလာမယ် ဆိုရင်တော့ ဒီကိစ္စကို အလေးပေး ဆောင်ရွက် ဖို့အတွက် ကော်မရှင်ကနေ တဆင့်ထပ်ပြီး တိုင်းအဆင့်ကို အကြောင်းကြား ပေးမှာ ဖြစ်ကြောင်း ပြောပါတယ်။

ကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းတွေဆိုတာကတော့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ သူတို့ရဲ့ တွေ့ရှိချက်တွေကို သက်ဆိုင်ရာ အစိုးရဌာနတွေကို အကြံပြုတင်ပြမှာ ဖြစ်ကြောင်း ကော်မရှင် ဥက္ကဌက ပြောပါတယ်။

လောလောဆယ်မှာတော့ ကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းတွေကို အစိုးရအဖွဲ့ကို တင်ပြထား ပြီး အတည်ပြုချက်ယူနေကြောင်း၊ လတ်တလောမှာတော့ တနေ့ကို တိုင်ကြားစာ ၈ စောင် ကနေ ၁၀ စောင်လောက် ရနေတယ်လို့ သိရပါတယ်။ တိုင်ကြားမှု အများဆုံးကတော့ လယ်ယာမြေ အဓမ္မ အသိမ်းခံရတဲ့ အမှုတွေ ဖြစ်တယ်လို့ ကော်မရှင်ဥက္ကဌက ပြောပါတယ်။

လူထုအနေနဲ့ ဘယ်လောက်ကိုးစားနိုင်မလဲ ဆိုတာကတော့ ကော်မရှင် အနေနဲ့ ဘယ်လောက် မှန်မှန်ကန်ကန် ဆောင်ရွက်ပေးနိုင်မလဲ ဆိုတာနဲ့ တိုင်းရမှာဖြစ်ပါတယ်။