ဖောက်ခွဲရေးပုဒ်မနဲ့ အကျဉ်းကျသူတွေ ပြန်လွတ်

  • 7 အောက်တိုဘာ 2011
Image caption အင်းစိန်ထောင်ကနေ ဦးဇင်း၂ ပါးနဲ့ လူငယ် ၄ ဦး ပြန်လွတ်လာတာ ဖြစ်ပါတယ်

ဖောက်ခွဲရေးဆိုင်ရာပုဒ်မနဲ့ ထောင်ဒဏ် ၅ နှစ် ချခံထားရတဲ့ မင်္ဂလာတောင်ညွန့် နန်းဦးကျောင်းတိုက်က ဦးဇင်းနှစ်ပါးနဲ့ လူငယ်လေးယောက် တို့ဟာ လွတ်ရက်စေ့လို့ ရန်ကုန်မြို့ အင်းစိန်ထောင်ကနေ သောကြာ နေ့မှာ လွတ်မြောက်လာပါတယ်။

နန်းဦးကျောင်းတိုက်မှာ ဖောက်ကွဲရေးပစ္စည်း တွေ့တယ်ဆိုပြီးတော့ ဦးခေမိန္ဒ၊ ဦးဝိလာသ၊ ကိုကျော်မျိုးမင်း၊ ကိုသက်နိုင်၊ ကိုစံတိုးနဲ့ ကျော်မျိုးဟိန်းတို့ကို ၂၀၀၇ ခုနှစ် အောက်တို ဘာလမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

နန်းဦးကျောင်းတိုက်က ကပ္ပိယ ကိုသက်နိုင်ကတော့ နန်းဦးကျောင်းမှာ ဖောက်ခွဲရေး ပစ္စည်းတွေ တွေ့တယ်ဆိုတာ မဟုတ်မှန်ကြောင်း၊ ပစ္စည်းတွေကို အညာက ချောင်းဦးမှာ တွေ့တာဖြစ်ပြီး သူတို့နဲ့ မပတ်သက်ကြောင်း ရှင်းပြပါတယ်။

ဒါပေမယ့်လည်း အာဏာပိုင်တွေက ပစ္စည်းတွေနဲ့ လက်ပူးလက်ကြပ်တွေတယ်ဆိုပြီးတော့ သူတို့ကို ဖမ်းဆီးတာ ဖြစ်ပြီး သူတို့အနေနဲ့ ဒီအမှုကို ကျူးလွန်ခဲ့တာ မဟုတ်ဘူးလို့ ကိုသက်နိုင်က ဆက်ပြောပါတယ်။

အင်းစိန်ထောင်တွင်းမှာ ကျန်းမာရေး စောင့်ရှောက်မှုက အတော်လေး ညံ့ပြီးတော့၊ နေမကောင်းလို့ တခုခုဖြစ်ရင် ထောင်အာဏာပိုင်တွေနဲ့ အတော် အတိုက်ခံလုပ်ပြီးမှ ဆရာဝန်နဲ့ ပြခွင့်ရတယ်လို့လည်း ပြောပါတယ်။

နန်းဦးကျောင်းတိုက်က ဦးဇင်းဦးခေမိန္ဒကလည်း အပြင်က ထောင်ဝင်စာ ပို့ပေးနေ တာကြောင့်၊ သူတို့အခုလို ကျန်းကျန်းမာမာနဲ့ ထွက်လာနိုင်တာဖြစ်တယ်လို့ မိန့်ပါတယ်။ အပြင်က ဒကာမကြီး ဒေါ်ရှု ပါဆယ်ပို့ပေးနေလို့သာ ထောင်ထဲမှာ အဆင်ပြေခဲ့ကြောင်း ကိုလည်း ဦးဇင်းက မိန့်ပါတယ်။

သူတို့အားလုံးဟာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရပေမယ့် သမ္မတဦးသိန်းစိန်ရဲ့ ထောင်ဒဏ်တနှစ် လွတ်ငြိမ်းသက်သာခံစားခွင့်အရ ထောင်ထဲမှာ ၄ နှစ်ပဲ နေခဲ့ရတာ ဖြစ်ပါတယ်။

ပြန်လွတ်လာတဲ့ အထဲက ၅ ဦးကတော့ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်သားတွေဖြစ်ပြီး ကျန်တယောက်ကတော့ မအူပင်မြိုနယ်က ဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိထောင်ဆေးရုံမှာ အသည်းကင်ဆာရောဂါနဲ့ ဆေးကုသမှုခံနေရတဲ့ ဗကသ ကျောင်းသား ကိုဇော်လင်းထွန်း ဆေးကုသခွင့်ရဖို့ အရေးကိုလည်း ထောင်ထဲမှာရှိတဲ့ အကျဉ်းသားတွေ ဝိုင်းဝန်းတောင်းဆိုလို့သာ ထောင်အာဏာပိုင်က မလွှဲသာလို့ ဆေးရုံတက်ခွင့် ပေးရတာဖြစ်တယ်လို့ သိရပါတယ်။

ထောင်ထဲမှာကျန်တဲ့ အကျဉ်းသားတွေကလည်း နောက်ထပ် လွတ်ငြိမ်းချမ်းသာခွင့် ပေးလာမှာကို မျှော်လင့်နေကြကြောင်း ပြန်လွတ်လာသူတွေက ဘီဘီစီကို ပြောပါတယ်။