စာပေစီစစ်ရေး တကယ် ပပျောက်တော့ မှာလား

  • 8 အောက်တိုဘာ 2011
_journal ဓာတ်ပုံ မူပိုင် bbc burmese
Image caption မြန်မာ စာနယ်ဇင်း

မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်း ကို သွားနေပြီဖြစ်တဲ့ အတွက် အိမ်နီးချင်း နိုင်ငံတွေ မှာလို၊ နိုင်ငံတကာ မှာ လို စာနယ်ဇင်းတွေ ကို မထုတ်ဝေ မီ ကြိုတင်စီစစ်မှု မရှိလို့ မြန်မာနိုင်ငံ မှာလည်း မရှိသင့်ဘူး လို့ ယုံကြည်တဲ့ အကြောင်း စာပေစီစစ်ရေး ဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက လွတ်လပ်တဲ့အာရှအသံကို ပြောပါတယ်။

ဒါကို စာပေစိစစ်ရေး ဌာန နောင်ကို မရှိတော့ ဘူး လို့ အဓိပ္ပါယ် ဖွင့်လို့ မရတဲ့ အကြောင်း၊ စာနယ်ဇင်း ထုတ်ဝေမှု နဲ့ ပတ်သက်ပြီး တင်ထုတ် နဲ့ ထုတ်တင် အမျိုးအစား နှစ်ခု ရှိတဲ့ အနက်၊ သတင်း ဂျာနယ်တွေ က တင်ထုတ် စနစ် လိုက်နာရဆဲ ဖြစ်သလို၊ အနုပညာ၊ ကျန်းမာရေး နဲ့ အားကစား စာနယ်ဇင်း တွေကတော့ ထုတ်တင် စနစ် ဖြစ်တဲ့အကြောင်း သတင်းအယ်ဒီတာ စည်သူဦးအောင်မြင့် က ဘီဘီစီ ကို ပြောပြပါတယ်။

ထုတ်တင် စနစ်မှာပင်၊ စည်းကမ်းချက် ၁၂ ချက် နဲ့ မကိုက်ညီရင် ထုတ်ဝေသူတွေ ကို ဆင့်ခေါ်ပြီး ကျပ်ငွေ သိန်း၅ဝ ထက် မပိုတဲ့ ဒဏ်ငွေ ချမှတ်နိုင်သလို မဆောင်နိုင်ရင် စာနယ်ဇင်း ထုတ်ဝေခွင့် ပိတ်ပင် တဲ့ အထိ အရေးယူနိုင်ပုံ တွေ စည်သူဦးအောင်မြင့် က ရှင်းပြပါတယ်။

စာပေလောကသား တွေ အနေနဲ့ လွတ်လပ်စွာ ရေးသား ထုတ်ဝေခွင့် ရှိစေလိုကြောင်း၊ အကယ်၍ ထုတ်ဝေမှု ကြောင့် အစိုးရ ဒါမှမဟုတ် တစုံတဦး ကို ထိခိက်နစ်နာမှု ဖြစ်ပါက တရားရုံးတော် ကို ဦးတိုက် လျှောက်ထားယင်း တရားရေးမဏ္ဏိုင် အရ ရင်ဆိုင်လို ကြောင်း စည်သူဦးအောင်မြင့် က ဘီဘီစီ ကိုပြောပြ ပါတယ်။