ကျောက်ဆည် ညတွင်းချင်း ရုတ်တရက် ရေကြီး

  • 8 အောက်တိုဘာ 2011
flood
Image caption မြန်မာပြည် အလယ်ပိုင်းက မကြာသေးခင် လတွေ အတွင်း ရေကြီးခဲ့တဲ့ နေရာများ

မန္တလေးတိုင်း ကျောက်ဆည် မြို့မှာ အောက်တိုဘာ နှစ်ရက်နေ့က ဇော်ဂျီ မြစ်ရေ တက်ပြီး မြို့ပေါ် ရပ်ကွက် ငါးခုလောက်မှာ ရေကြီးခဲ့ပါတယ်။

မြို့ထဲ ဝင်သွားတဲ့ ရေတွေဟာ ခုချိန်ထိ ပြန် မထွက် နိုင်တာကြောင့် ရေတွေ အိုင်နေပြီး သွေးလွန် တုပ်ကွေး ရောဂါနဲ့ ဝမ်းရောဂါတွေ ဖြစ်ပွား နေပါတယ်။

ကျောက်ဆည်မြို့အထက်နားက ငပြောင် ဆည်က ရေတွေ ဖေါက်ချလိုက်လို့ ညသန်းခေါင်ကြီးမှာ ကျောက်ဆည် မြို့ပေါ်က အနိမ့်ပိုင်း ရပ်ကွက်တွေ ထဲကို ရေတွေ စီးဝင်ခဲ့လို့ ဒေသခံ တွေဟာ ညတွင်းချင်း ရေလွှတ်ရာကို ရွေ့ပြောင်း ခဲ့ကြ ရပါတယ်

ရပ်ကွက် ငါးခု ရေမြုတ်ပြီး လေးရက် နေ့မှာတော့ အထက ၁ ကျောင်းကြီးထဲ ရေဝင်လို့ ကျောင်းတွေ ပိတ်ခဲ့ရသလို မြို့နယ် ဆေးရုံကြီးထဲလည်း ရေတွေက ဝင်တာကြောင့် လူနာတွေကို ရေလွှတ်ရာ ရွေ့ပြောင်း ခဲ့ရပါတယ်။

ခုတော့ ဆေးရုံကြီးထဲက ရေတွေ ကုန်သွား ပေမယ့် တံတားလယ် ကြက်မင်းတွန် ရဲစု စတဲ့အနိမ့်ပိုင်း ရပ်ကွက်တွေက ရေတွေ ကတော့ အိုင်နေဆဲ ဖြစ်ပါတယ်။

ဒီရေတွေကို ဇော်ဂျီမြစ်ရေ ကျသွားမှ ကိုယ်ထူ ကိုယ်ထ စနစ်နဲ့ ဖေါက်ထုတ် ကြရမယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လကုန် ပိုင်းကလည်း ကင်းတားဆည်နဲ့ ငပြောင်ဆည် နှစ်ခုလုံး ဖေါက်ချလို့ ခုလို တခါ ရေကြီး ခဲ့ပါသေးတယ်။

ဒီလို ဖြစ်ရတာဟာ ဇော်ဂျီမြစ် ကောနေတာ အပြင် ရေထိမ်းဆည်တွေ ဆောက်ပြီး ရေတား တာဘောင်တွေ ဆောက်မပေး တာကြောင့် ၂၀ဝ၆ ခုနှစ် နောက်ပိုင်းမှာ ခုလို မိုးများတိုင်း ဒီဒုက္ခကိုရ င်ဆိုင်ကြရတာ ဖြစ်တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောကြပါတယ်။