နေပြည်တော် ဆယ်တန်း စာမေးပွဲ မေးခွန်းပေါက်

  • 8 အောက်တိုဘာ 2011
exam ဓာတ်ပုံ မူပိုင် Reuters
Image caption ပျဉ်းမနားမှာ ခရိုင်စစ် စာမေးပွဲ မေးခွန်း ပေါက်ကြား

နေပြည်တော် အပါအဝင် မြို့နယ် ခုနှစ် မြို့နယ်မှာ ခရိုင်စစ် ဆယ်တန်း စာမေးပွဲ မေးခွန်း ပေါက်ကြားမှု ဖြစ်ပွားခဲ့တာကို ဘီဘီစီက စုံစမ်း သိရှိရပါတယ်။

မြို့နယ်စစ် ပထမ အစမ်း စာမေးပွဲက မေးခွန်း တချို့ အစုံလိုက် ပေါက်ကြားခဲ့တယ်လို့ ကျောင်းသား မိဘ တယောက်က ဘီဘီစီကို ပြောပြပါတယ်။

ပထမအစမ်း စာမေးပွဲ တတိယနေ့ သင်္ချာ ဖြေတဲ့နေ့က စပြီး နောက်ရက်တွေမှာ ဖြေရမယ့် ဘာသာရပ်တွေရဲ့ မေးခွန်းတွေ အပြင်ကို ပေါက်ကြားပြီး ထွက်လာခဲ့ပါတယ်။

မေးခွန်း ပေါက်ပြီးနောက်မှာ ပျဉ်းမနားက ကျူရှင် ကျောင်းကြီးတွေမှာ မေးခွန်း မူရင်းကို ဖြေပုံ ဖြေနည်းတွေကိုပဲ အနီးကပ် သင်ကြား ပြသနေတယ်လို့ အဆိုပါ ကျောင်းသား မိဘက ပြောပြပါတယ်။

ခရိုင်ထဲမှာ ရှိတဲ့ အထက ကျောင်းတွေကို မေးခွန်း စုထုတ်ခိုင်းပြီး စာမေးပွဲ မကျင်းပခင် တရက် အလိုမှာ ကျောင်းတွေ အားလုံးကို မေးခွန်းတွေ ကြိုပို့ထားပါတယ်။

မေးခွန်းထုတ်တဲ့ အထက ကျောင်းဆရာမတွေက အဆောင်တွေ ဖွင့်ထားပြီး ဒီအဆောင် တွေကနေ မေးခွန်းတွေ စပေါက်တာလို့ ကျောင်းသား မိဘက ပြောပါတယ်။

မေးခွန်း ပေါက်တဲ့ စာမေးပွဲဟာ အစမ်း စာမေးပွဲ ဆိုပေမယ့် အတန်းတင် စာမေးပွဲ မတိုင်ခင် ခုလို အစမ်း စာမေးပွဲတွေမှာ ကျရှုံးတဲ့ ကျောင်းသူ ကျောင်းသားတွေကို အတန်းတင် စာမေး ပွဲ ဝင်ခွင့် မပြုဘူးလို့ ကျောင်းအာဏာပိုင်တွေက ကျောင်းသား မိဘတွေကို အသိပေးထား ပါတယ်။

မိဘ တချို့က ပျဉ်းမနား မြို့နယ် ပညာရေးမှုးကို တိုင်ကြားထားပေမယ့် ခုထိတော့ ဘာမှ အရေးယူတာ မရှိသေးဘူးလို့ သတင်း ရရှိပါတယ်။

တချို့ ကျူရှင်တွေမှာ မေးခွန်းကို ပေါ်တင် ရောင်းတာမျိုးထိ ရှိတယ်လို့ စုံစမ်း သိရှိ ရပါတယ်။