အကျဉ်းသား လွှတ်ပေးဖို့ ကိစ္စ အကောင်အထည် ပေါ်လာမယ်

  • 9 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် ap
Image caption နေပြည်တော်က လွှတ်တော် အဆောက်အဦ

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ပြန်လွှတ်ပေးရေး မကြာခင် အကောင်အထည် ပေါ်လာတော့မှာပါလို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ပြောပါတယ်။

နော်ဝေ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးကို နေပြည်တော်မှာ လက်ခံ တွေ့ဆုံစဉ် ပြောသွားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ဒဏ်ခတ် ပိတ်ဆို့ အရေးမှုတွေ မရုတ်သိမ်းခင် နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ် ပေးရမယ်လို့ နော်ဝေ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက မြန်မာ အစိုးရကို တောင်းဆိုနေရာမှာ အကျဉ်းသားတွေ လွှတ်ပေးဖို့ ကိစ္စ မကြာခင် အကောင် အထည် ပေါ်လာတော့မှာပါလို့ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းက နော်ဝေ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Espen Barth Eide ကို ပြောကြား ခဲ့ကြောင်း နော်ဝေ အသံလွှင့် ဌာန NRK သတင်းမှာ ဖော်ပြ ထားပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား နှစ်ထောင်ကျော် ရှိတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောနေ ပေမယ့် မြန်မာ အစိုးရတော့ နိုင်ငံရေးနဲ့ ပတ်သတ်လို့ အကျဉ်းကျခံနေရသူ မရှိဘူး ဆိုပြီး တချိန်လုံး ငြင်းဆန် နေတာ ဖြစ်ပါတယ်။