မိုင်းလားအဖွဲ့နဲ့ အစိုးရ ကိုယ်စားလှယ်တွေ ထပ်မံတွေ့ဆုံ

  • 9 အောက်တိုဘာ 2011
Image caption အရင်ဆွေးနွေးခဲ့တဲ့ ၄ ချက်ကို အခြေခံပြီး ဆွေးနွေးခဲ့ (ဓာတ်ပုံ - သျှမ်းသံတော်ဆင့်)

ရှမ်းပြည်မြောက်ပိုင်း အထူးဒေသ ၄ အပစ်ရပ် မိုင်းလားအဖွဲ့ ခေါင်းဆောင်တွေနဲ့ အစိုးရ ကိုယ်စားလှယ်တွေဟာ တနင်္ဂနွေနေ့ တုန်းက ကျိုင်းတုံမြို့ မှာ ထပ်မံတွေ့ဆုံခဲ့ ပါတယ်။

ဆွေးနွေးပွဲမှာ မိုင်းလားအဖွဲ့ဘက်မှာ ဦးစံပေ၊ ဦးစံသူနဲ့ ဦးထိန်လင်းတို့ ပါဝင်ပြီး၊ အစိုးရ ကိုယ်စားလှယ်တွေကတော့ ဦးအောင်သောင်း၊ ဦးသိန်းဇော်နဲ့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် စိုင်းအောင်မြတ်အပါအဝင် ပြည်ထောင်စုဝန်ကြီး တဦးလည်း ပါဝင်ကြောင်း တရုတ်နယ်စပ်က စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောပါတယ်။

အခုအကြိမ်မှာတော့ စက်တင်ဘာလ ၇ ရက်နေ့က ဆွေးနွေးခဲ့တဲ့ အချက်လေးချက်ကို အခြေခံပြီးဆွေးနွေးသွားကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီအချက်တွေကတော့ ဒေသဖွံ့ဖြိုးရေးပြန်လုပ်ရေး၊ နှစ်ဘက် ဆက်ဆံရေးရုံးတွေ ပြန်ထားရေး အပါအဝင် ဝန်ထမ်းတွေ ပြန်လွှတ်ဖို့ စတဲ့အချက်တွေ ဖြစ်ကြပါ တယ်။

အစိုးရအနေနဲ့ မိုင်းလားအဖွဲ့နဲ့ ဆွေးနွေးမှုတွေ လုပ်နေပေမယ့် တခြားအဖွဲ့တွေနဲ့တော့ တိုက်ခိုက်နေတဲ့ ကိစ္စရပ်ကို မိုင်းလားအဖွဲ့က တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

တခြားအဖွဲ့တွေနဲ့လည်း မကြာခင်မှာ ဆွေးနွေးဖို့ရှိကြောင်းကို ဦးအောင်သောင်းက ရှင်းပြတယ်လို့ ပြောပါတယ်။ အဲဒီလို တခြားအဖွဲ့တွေနဲ့ ဆွေးနွေးပွဲ ဖြစ်ဖို့ အတွက် မိုင်းလားအဖွဲ့အနေနဲ့ ကူညီနားချပေးဖို့ကိုလည်း ဦးအောင်သောင်းက ပြောတယ်လို့ ဆိုပါတယ်။

အစိုးရဘက်က သဘောထားမှန်ရင်တော့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ တဆင့်ခြင်း တက်သွားလို့ရမှာ ဖြစ်တယ်လို့ ဦးအောကျော်ဇောက သုံးသပ်ထားပါတယ်။