လူ့အခွင့်အရေးချိုးဖေါက်ရင် တိုင်ဆိုပေမဲ့

  • 10 အောက်တိုဘာ 2011
human_rights
Image caption မြန်မာ့လူ့အခွင့်အရေး ကော်မရှင်

HRDP လူ့အခွင့်အရေး မြှင့်တင်သူများ ကွန်ယက် နဲ့ မိတ္ထိလာ အန်အယ်လ်ဒီ တို့ ပူးပေါင်းပြီး မန္တလေးတိုင်း က မြို့နယ် နှစ်ဆယ်ခန့် မှာ လူ့အခွင့်အရေး ပညာပေးရေး ပြုလုပ်တာကို နယ်မြေခံ ရဲတွေရဲ့ ဖိအားပေးခြင်း ခံကြရပါတယ်။

အစိုးရ က မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ကော်မရှင် တွေ ဖွဲ့စည်းပြီးပါပြီ၊ လူ့အခွင့်အရေး ချိုးဖေါက်မှု ရှိရင် တိုင်ကြားနိုင်ပါတယ် ဆိုပေမဲ့ ပညာပေးဟောပြောသူတွေ ဟောပြောမဲ့ နေရာတွေကို ဒေသခံတွေ မသွားနိုင်အောင် တားဆီး ပိတ်ပင်မှုတွေ ပြုကြောင်း မိတ္ထိလာ အန်အယ်လ်ဒီ အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေး က ဘီဘီစီ ကို ပြောပါတယ်။

လယ်ဝေး မြို့နယ်၊ ရှားကျောင်းနဲ့ ရပ်ဘိန်းကျေးရွာတွေ မှာ ပြုလုပ်တဲ့ ဟောပြောပွဲ နဲ့ မနီးမဝေး နေရာတွေမှာ ရဲတွေနဲ့ အထူး တပ်ဖွဲ့ဝင် အက်စ်ဘီ တွေကို နေရာချထားကြောင်း လာရောက်တက်မယ့် သူတွေကို မလာရဲအောင် ခြိမ်းခြောက်တဲ့ အသွင်ဆောင် ကြောင်း ဒေါ်မြင့်မြင့်အေး က ပြောပြပါတယ်။

အဲဒီ အတွက် လူ့အခွင့်အရေး ချိုးဖေါက်မှု တွေဟာ ပပျောက်မှု မရှိသေးဘူး၊ အာဏာပိုင် တွေဖက်က ခြိမ်းခြောက်မှု တွေ ရှိနေသရွေ့ လူတဦးချင်းစီ ရဲ့ ကိုယ်ရည်ကိုယ်သွေး မြင့်မားလာအောင် လုပ်ပေးဖို့ မလွယ်သေးပုံ ကို လည်း ဒေါ်မြင့်မြင့်အေး က ရှင်းပြပါတယ်။