လွှတ်တာ အာဏာပိုင်အလုပ် တောင်းဆိုတာ ကျွန်တော်တို့ အလုပ်

  • 11 အောက်တိုဘာ 2011

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က သမ္မတ ဦးသိန်းစိန်ထံကို အောက်တိုဘာ ၁၀ ရက် ရက်စွဲနဲ့ အိတ်ဖွင့် ပေးစာ တစောင် ပေးပို့လို့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေ သူတွေကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

Image caption အောက်တိုဘာ ၁၀ ရက် ရက်စွဲနဲ့ သမ္မတ ဦးသိန်းစိန်ထံကို ကော်မရှင်က အိတ်ဖွင့်ပေးစာပို့

အဲဒီအိတ်ဖွင့် ပေးစာကို ဒီကနေ့ထုတ် အစိုးရ သတင်းစာတွေ ထဲမှာ ဖော်ပြထားပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ ဒီနေ့မဟုတ် မနက်ဖြန်မှာ လွှတ်ပေးမယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပြီး၊ သတင်းသမားတွေနဲ့ အကျဉ်းသား မိသားစု တွေကတော့ အဆက်မပြတ် စောင့်ကြည့်နေကြပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ လူ့အခွင့်အရေး ကော်မရှင်တို့ အိတ်ဖွင့်ပေးစာဟာ လက်ဝါးချင်းရိုက် ချိတ်ဆက်မှု ရှိနေတယ်လို့ သုံးသပ်မှုတွေလည်း ထွက်လာနေတာကြောင့် ဘီဘီစီက လူ့အခွင့်အရေး ကော်မရှင် ဥက္ကဌ အငြိမ်းစား သံအမတ်ကြီး ဦးဝင်းမြကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးကြည့်ခဲ့ပါတယ်။

ဘီဘီစီ - ဘာစေ့ဆော်ချက်တွေကြောင့် ဒီကြေညာချက် အိတ်ဖွင့်ပေးစာ ထုတ်တာပါလဲ။

ဦးဝင်းမြ - အကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက် ကော်မရှင်အနေနဲ့ လုပ်သင့်တာကို လုပ်တာပါ။

ဘီဘီစီ - သမ္မတနဲ့ ကော်မရှင်ကြားမှာများ အချိတ်အဆက်တခုကြောင့် ထုတ်တာပါလား။

ဦးဝင်းမြ - ဒီလိုတော့ မဟုတ်ပါဘူး၊ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ထဲမှာ သမ္မတကို တင်ပြပိုင်ခွင့် ရှိပါတယ်။ အများပြည်သူလည်း သိရအောင် အိတ်ဖွင့်ပေးစာ အနေနဲ့ ရေးလိုက်တာပါ။

ဘီဘီစီ - ဒါဆိုရင် အကျဉ်းသားတွေ ဘယ်တော့လွတ်မလဲခင်ဗျ၊ သတင်းထောက်တွေရော၊ ပြည်သူတွေကပါ စောင့်နေကြပါတယ်။

ဦးဝင်းမြ - ဒါကိုတော့ ခန့်မှန်းထားတာ မရှိပါဘူး။ သမ္မတကလည်း လွှတ်မယ်လို့ ပြောထားပါတယ်၊ နိုင်ငံခြားရေးဝန်ကြီးကလည်း နယူးယောက်ခ်က ညီလာခံမှာ ပြောခဲ့ပါတယ်။ အများကလည်း ပြောနေပါတယ်။ ကျွန်တော်တော့ ဘယ်တော့ လွတ်မယ်ဆိုတာကို တိတိကျကျ မပြောနိုင်ပါဘူး။

ဘီဘီစီ - သမ္မတကလည်း အိန္ဒိယကို နိုင်ငံတော် ခရီးစဉ်သွားဖို့ ရှိပါတယ်။ ဒီကနေ့ လွှတ်နိုင်မလား၊ မနက်ဖြန်လွှတ်နိုင်မလား ခင်ဗျာ။

ဦးဝင်းမြ - ကျွန်တော် အတိအကျ ပြောလို့မရပါဘူး၊ အာဏာပိုင်တွေက ဆုံးဖြတ်ပါလိမ့်မယ်။

ဘီဘီစီ - ဥက္ကဌတို့ အိတ်ဖွင့် ပေးစာမှာတော့ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် အန္တရာယ်မရှိသူ၊ အေးချမ်သာယာမှုကို မထိခိုက်စေသူတွေကို လွှတ်ပေးဖို့ ပြောပါတယ်။ ဒါဆို ကိုမင်းကိုနိုင်တို့၊ ဉီးခွန်ထွန်းဉီးတို့ပါ ပါလာမှာလား ခင်ဗျာ။

ဦးဝင်းမြ - ဒီမိုကရက်တစ် ထူထောင်မှုမှာ အန္တရာယ်မရှိတဲ့သူတွေကို လွှတ်ပေးမှာပါ။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ အငြိမ်းစား သံအမတ်ကြီး ဦးဝင်းမြက ဒီကနေ့ မနက်ပိုင်းက ဘီဘီစီနဲ့ ဆက်သွယ်မေးမြန်းခန်းမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ မွန်းလွဲ တနာရီမှာ အကျဉ်းသားတွေ လွတ်မြောက်ဖို့ ရှိတယ်လို့တော့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် နေပါတယ်။