နိုင်ငံရေးအကျဉ်းသား ဘာကြောင့် မလွှတ်

  • 11 အောက်တိုဘာ 2011
88_generation
Image caption ဂဂ မျိုးဆက် ကျောင်းသားအဖွဲ့ မလွှတ်ရဲ

မြန်မာနိုင်ငံ မှ အရပ်သား အစိုးရသစ်ဟာ နိုင်ငံတကာ အစိုးရ ခေါင်းဆောင် တွေ၊ ကုလသမဂ္ဂ၊ ပြည်တွင်း နိုင်ငံရေး အဖွဲ့ အစည်းတွေ နဲ့ မြန်မာ့ လွှတ်တော် မှ ပါ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး သဘောတူပေမယ့် အခုတိုင် မလွှတ်သေးတဲ့ အတွက် ကတိစကား မတည်သလို ဖြစ်နေ ကြောင်း လွတ်လပ်သော မြန်မာ့ လူ့ဘောင်အဖွဲ့က ဝေဖန် လိုက်ပါတယ်။

မကြာခင် ရက်ပိုင်း အတွင်းက မြန်မာနိုင်ငံ ကို သွားခဲ့တဲ့ နော်ဝေး နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး နဲ့ ပြည်သူ့ လွှတ်တော် ဉက္ကဌ ဦးရွှေမန်း တွေ့ရာမှာ အခုရက်ပိုင်း အတွင်းမှာပင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးမယ့် အကြောင်း တွေ ပြောခဲ့ပါတယ်။

လွှတ်ပေးတဲ့ တိုင်အောင်၊ လူအများ လေးစားတဲ့ ဂဂ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တွေ ကို အရင်ဆုံး လွှတ်ပေးဖွယ် မမြင်ပုံ၊ အကြောင်းကတော့၊ ဂဂ မျိုးဆက်တွေဟာ ပြည်တွင်း၊ ပြည်ပ ပြန့်ပွားနေပြီ ဖြစ်လို့ ထိန်းမရမှာ ကို စိုးရိမ်သူ တွေ အစိုးရ အဖွဲ့အတွင်း မှာ ရှိပုံ ရ ကြောင်း အမေရိကန် အခြေစိုက် လွတ်လပ်သော မြန်မာ့လူ့ဘောင် အဖွဲ့ ဉက္ကဌ ဦးထွန်းအောင်ကျော် က ဘီဘီစီ ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စစ်အစိုးရ အဆက်ဆက် တုန်းကလဲ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူး ဆိုပြီး၊ ရာဇဝတ်သား အသွင် လွှတ်ပေး ခဲ့တဲ့ သာဓက တွေ ရှိခဲ့ပုံ၊ အခုလဲ ပေးခဲ့တဲ့ ကတိတွေ မတည်ရင်၊ အခု အစိုးရ သစ်ဟာလည်း လှည့်ဖျားတဲ့ စါရင်းဝင်ပြီမို့ ပြည်သူ တို့ ရှေ့ဆက်မယ့် လမ်း ရွေးချိန် တန်ပြီ လို့ ဦးထွန်းအောင်ကျော် က ပြောပါတယ်။

အင်းစိန်ထောင် အရှေ့မှာလည်း နိုင်ငံရေးသမား မိသားစုဝင်တွေ ဟာ မိမိတို့ အိမ်သူ အိမ်သားတွေ လွတ်လာနိုးနဲ့ သွားရောက် စောင့်စား နေကြပါတယ်။