အကျဉ်းသား ၆၃၅၉ လွတ်မယ်

  • 11 အောက်တိုဘာ 2011

သမ္မတ ဦးသိန်းစိန်က ဒီမိုကရက်တစ်မြန်မာကို ဖော်ဆောင်ဖို့အတွက် ထိုက်သင့်တဲ့ နေရာတွေက ပါနိုင်ဖို့ ထိုက်သင့်တဲ့ ပြစ်ဒဏ် ကျခံရပြီးသား အကျဉ်းသား ၆၃၅၉ ကို လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တဲ့ အကြောင်း ဒီကနေ့ မွန်းလွဲ ၁ နာရီက MRTV-4 ရုပ်သံကနေ ကြားဖြတ် အထူးသတင်း အနေနဲ့ ကြေညာ ခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption အောက်တိုဘာ ၁၂ ရက်၊ သီတင်းကျွတ် လပြည့်နေ့က စပြီး လွတ်မယ့်ထဲ ဇာဂနာ ပါလို့ဆို

အသက်အရွယ်ကြီးရင့်တဲ့၊ ကျန်းမာရေး မကောင်းတဲ့၊ ကိုယ်လက် အင်္ဂါ ချို့တဲ့တဲ့၊ ထိုက်သင့်တဲ့ ပြစ်ဒဏ် ကျခံပြီးတဲ့ အကျဉ်းထောင်တွင်း စည်းကမ်းနဲ့ အကျင့် စာရိတ္တ ကောင်းမွန်တဲ့ အကျဉ်းသား တွေကို ပြန်လွှတ်တာလို့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

အကျဉ်းသားတွေဟာ အောက်တိုဘာလ ၁၂ ရက်၊ သီတင်းကျွတ် လပြည့်နေ့က စပြီး သက်ဆိုင်ရာ အကျဉ်းထောင်တွေကနေ အသီးသီး လွတ်မြောက်လာမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

သန့်ရှင်းတဲ့ အစိုးရ၊ ကောင်းမွန်တဲ့ အုပ်ချုပ်တဲ့ စနစ်၊ ဒီမိုကရေစီ စနစ်ကို ကျင့်သုံး နေတဲ့ အချိန်မှာ အခုလို လွှတ်ပေးတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတော် သမ္မတ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၀၄ ခ ကို ကျင့်သုံးပြီး လူသားချင်း စာနာလို့၊ အကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို သနား ချစ်ခင် စာနာလို့ မေတ္တာ စေတနာ ထားလို့ လွှတ်ပေးတာလို့ ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

အကျဉ်းသားတွေ အနေနဲ့ နိုင်ငံ့ အကျိုး၊ ဒေသအကျိုး၊ အများအကျိုးကိုလည်း ပူးပေါင်း ဆောင်ရွက်ဖို့ မျှော်လင့်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်က လာတဲ့ အတည်ပြုလို့ မရသေးတဲ့ သတင်းတွေ အရတော့ ဒါဟာ သုံးသုတ် လွှတ်မယ့်ထဲမှာ ပ ထမဆုံးအကြိမ် လွှတ်ပေးတာ ဖြစ်ပြီး၊ နာမည်ကျော် လူရွှင်တော် ဇာဂနာ၊ ရှမ်းပြည်က ဗိုလ်ချုပ် ဆေထင်တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။