အကျဉ်းသားခြောက်ထောင်ကျော် ကနေ့ စတင်လွှတ်

  • 12 အောက်တိုဘာ 2011
_political_prisoners ဓာတ်ပုံ မူပိုင် bbc
Image caption အင်းစိန် ထောင်ဗူးဝ မှ စောင့်နေကြ

မြန်မာ နိုင်ငံမှာ အရေအတွက် ထောင်ဂဏန်း ရှိတဲ့ အကျဉ်းသားတွေကို ဒီကနေ့က စပြီး အသုတ်လိုက် ပြန်လွှတ်တော့မယ်လို့ မျှော်လင့် နေကြပါတယ်။

နိုင်ငံရေး အကျဉ်းသား မြန်မာနိုင်ငံမှာ ရှိတယ်လို့ အစိုးရက ဘယ်တုန်းကမှ ဝန်မခံတဲ့ အတွက် ဒီကနေ့က စပြီး ပြန်လွှတ်မယ့် အကျဉ်းသား ခြောက်ထောင်ကျော်မှာ နိုင်ငံရေး အကျဉ်းသား ဘယ်နှစ်ယောက် ပါမလဲဆိုတာ ဘယ်သူမှ သိကြပုံ မရပါဘူး။

မေလတုန်းက အစိုးရက အကျဉ်းသား တသောင်းလေးထောင် ပြန်လွှတ် ပေးခဲ့ပြီး အဲဒိထဲမှာ နိုင်ငံရေး အကျဉ်းသား လေးဆယ့် ခုနှစ်ယောက်ပဲ ပါတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။

မြန်မာ နိုင်ငံထဲမှာ နိုင်ငံရေး အကျဉ်းသား နှစ်ထောင်ကျော် ရှိတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ခန့်မှန်းပြီး နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ နိုင်ငံတကာက အစဉ်တစိုက် တောင်းဆို လာခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေး အမှု နဲ့ အကျဉ်းကျသူ တချို့ ရဲ့ မိသားစု ကိုတော့ သက်ဆိုင်ရာ ထောက်လှမ်းရေး အာဏာပိုင် တို့က ကြိုတင် အကြောင်း ကြားတယ်လို့ ဘီဘီစီ ကိုပြောပါတယ်။ မအူပင် ထောင်မှ ဂဂ မျိုးဆက် ကျောင်းသား အဖွဲ့ဝင် နွဲ့နှင်းရီ ခေါ် နိုးနိုး ကို လွှတ်ပေးမယ့် အကြောင်း အဒေါ်ဖြစ်သူ ကို ကြို အသိပေးတာ ကို ဘီဘီစီ ကို ပြောပြပါတယ်။

တချို့မိသားစုဝင်တွေ က ကြိုတင် မသိရ ပေမယ့်၊ သူတို့ရဲ့ နိုင်ငံရေး အမှုနဲ့ အကျဉ်းကျ ခံနေရတဲ့ မိသားစု တွေ ရှိရာ အကျဉ်းထောင် တွေဆီ သွားမယ်လို့ ဘီဘီစီ ကို ရှင်းပြပါတယ်။