ဂျာမိုင် တောင်ကုန်းကို KIA တပ်တွေက သိမ်းယူ

  • 12 အောက်တိုဘာ 2011
Image caption ကေအိုင်အို တပ်ဖွဲ့တွေ စစ်ရေးပြင်

KIO ကချင် လွတ်လပ်ရေး အဖွဲ့နဲ့ မြန်မာအစိုးရ စစ်တပ်တို့ကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေရာမှာ မနေ့က ဆိုရင် တရုတ် မြန်မာနယ်စပ် လွယ်ဂျယ်ဒေသ အနီးမှာရှိတဲ့ အစိုးရ ခမရ ၃၂၁ တပ်ဖွဲ့တွေ နေရာယူထားတဲ့ ဂျာမိုင် တောင်ကုန်းကို KIA တပ်တွေက သိမ်းယူလိုက်တယ်လို့ နယ်စပ်ကလာတဲ့သတင်းတွေ ကဆိုပါတယ်။

အဲဒီတိုက် ပွဲမှာ ကေအိုင်အေ ဘက်က ၂ ဦးသေပြီး ၁ဝ ဦးဒဏ်ရာရခဲ့တယ်လို့ ကေအိုင်အေ ဘက်ကပြောပါတယ်။

ကချင်ပြည် နယ်ရော ရှမ်းပြည်နယ်ထဲမှာပါ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး အစိုးရဖက်က အရပ်သားတွေကို ပေါ်တာဆွဲ တာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ရှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့အနီး နောင်ဟဲ ရွာနဲ့ မရစ် ရွာတွေကို အစိုးရ ခမရ ၅၂၂ တပ်ဖွဲ့တွေက ဝင်လာပြီး အသက် ၃ဝ နဲ့ ၄ဝ အရွယ် အမျိုးသမီး ၇ ဦးကို ပေါ်တာ အဖြစ် ဖမ်းသွားခဲ့တယ်လို့ ရွာသား တွေကပြောပါတယ်။

ရွာသားတွေ ကိုင်ဆောင်တဲ့ တရုတ်နိုင်ငံ ဖက်က မိုဘိုင်းဖုန်းတွေကိုလည်း စစ်တပ်က သိမ်းယူခဲ့သလို လား ၄ ကောင်ကိုလည်း ရိက္ခာသယ်ဖို့ အတွက် ယူဆောင် သွားခဲ့တယ်လို့ ဆိုပါတယ်။