အကျဉ်းသား ၆၃၅၉ ယောက် ပြန်လွတ်

  • 12 အောက်တိုဘာ 2011

မြန်မာ အစိုးရရဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အရ အောက်တိုဘာလ ၁၂ ရက်နေ့က အကျဉ်းထောင် အသီးသီး ကနေ ပြန်လွှတ် ပေးလိုက်တဲ့ အကျဉ်းသား ပေါင်း ခြောက် ထောင် သုံးရာ ငါးဆယ်ကိုးယောက် ထဲမှာ နိုင်ငံရေး အကျဉ်းသား သုံးရာ နီးပါး ပါတယ်လို့ နေပြည်တော် အကျဉ်း ဦးစီးဌာန အရာရှိက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ပြန်လွတ် လာမယ့်သူ တွေကို အင်းစိန် ထောင် ရှေ့ ကနေ စောင့်မျှော် နေကြ သူများ

ဗုဒ္ဓဟူးနေ့ တစ်ရက်ထဲမှာ အဲဒီ အကျဉ်းသား ခြောက်ထောင်ကျော်စလုံးကို လွှတ်ပေးမှာ ဖြစ်တယ် လို့လည်း သူက ပြောပါတယ်။

အင်းစိန်ထောင် ကနေ ပြန်လွှတ် ပေးလိုက်တဲ့ အကျဉ်းသား စုစုပေါင်း လေးရာကျော် ရှိတယ်လို့ လည်း အဲဒီ အရာရှိက ပြောပါတယ်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသား များ ကူညီ စောင့်ရှောက်ရေး အသင်း AAPP ကတော့ သူတို့ သိရသမျှ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၂၀၆ ယောက် ပြန်လွတ် လာပြီလို့ ပြောပါတယ်။

မန္တလေးမြို့ မှာ ရှိတဲ့ အိုးဘို အကျဉ်းထောင်ကနေ ပြန်လွှတ် ပေးလိုက်သူ စုစုပေါင်း ၄၀၉ ယောက် ရှိပြီး ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ် ခင်ညွန့် လက်ထက်က ထောက်လှမ်းရေး အရာရှိ တစ်ယောက် အပါအဝင် နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၄၆ ယောက် ပြန်လွတ်လာတယ်လို့ အိုးဘို ထောင်ရှေ့ကို သွားရောက် ပြီး စာရင်း ပြုစုခဲ့သူ ဦးကိုကိုလေး က ပြောပါတယ်။

ဗုဒ္ဓဟူး နေ့က အိုးဘိုထောင်ကနေ ပြန်လွတ်လာတဲ့ အကျဉ်းသားတွေ ကို စတုဒီသာ သွားရောက် ကျွေးမွေးကြသူတွေ ထဲမှာ ပါတဲ့ ဦးကိုကိုလေးက အိုးဘို ထောင်က ပြန်လွတ်လာသူတွေထဲမှာ အန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မန္တလေးတိုင်း အရှေ့တောင်မြို့နယ် စည်းရုံးရေး အဖွဲ့ဝင် ဦးလှစိုး၊ အိုင်အယ်လ်အို အမှုနဲ့ ပတ်သက်ပြီး ထောင်ကျသူတွေ အပြင် ဆရာတော် ဦးသုန္ဒရ ခေါ် ဦးသန်းအောင် စတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်တယ်လို့ ပြောပါတယ်။

မန္တလေးတိုင်း အန်အယ်လ်ဒီ ဒုတိယ ဥက္ကဌ ဦးသန်းလွင် ကတော့ လွိုင်ကော် ထောင်၊ ကိုအောင်နိုင်ဦးနဲ့ ကေအန်ယူ အဖွဲ့ဝင် လေးယောက်ကတော့ ကသာ ထောင် ကနေ ပြန်လွတ် လာကြတယ်လို့ ဦးကိုကိုလေးက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption အင်းစိန်ထောင်က လွတ်လာသူ အကျဉ်းသား ကို ကြိုဆို နေကြစဉ်

အိုးဘိုထောင်ထဲမှာ ကျန်းမာရေး မကောင်းတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တစ်ယောက် ဖြစ်တဲ့ ကိုလှမျိုးနောင်နဲ့ သက်တော် ကြီးရင့် နေပြီ ဖြစ်တဲ့ ကျောက်ဆည်က ဆရာတော် ဦးဇနိတ ဘိဝံသ တို့လို လွှတ်ပေးဖို့ သင့်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေ သေးတယ်လို့ လည်း သူက ဆက်ပြော ပါတယ်။

ပြစ်ဒဏ် ကျခံ နေကြရသူ တွေထဲမှာ အသက်အရွယ် ကြီးရင့်သူ၊ ကိုယ်အင်္ဂါ ချို့တဲ့သူနဲ့ ကျန်းမာရေး မကောင်းသူ တွေ အပါအဝင် အကျဉ်းသားတွေ ထဲက ထိုက်သင့်တဲ့ ပြစ်ဒဏ် ကျခံပြီးသူ ကို ပြန်လွှတ်ပေးမယ်လို့ သမ္မတရဲ့ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်မှာ ထုတ်ပြန်ထား ပေမဲ့ အဲဒီ အချက် တွေနဲ့ အကြုံး ဝင်သူတွေ အားလုံး ပြန်လွတ် လာတာတော့ မဟုတ်သေး ပါဘူး။

နာမည်ကျော် ဟာသ ပညာရှင် ကိုဇာဂနာ၊ လူ့ အခွင့် အရေး လှုပ်ရှားသူ မစုစုနွေး၊ ရှမ်း တိုင်းရင်သား ခေါင်းဆောင် ဗိုလ်ချုပ် ဆေထင် တို့လို လူသိ များတဲ့ နိုင်ငံရေး အကျဉ်းသား တချို့ ပြန်လွတ်လာကြ ပေမဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးနဲ့ ကိုမင်းဇေယျ တို့လို နိုင်ငံရေး အကျဉ်းသား တွေကို ပြန်လွတ် မပေး သေးတာ အပေါ် လူ့အခွင့် အရေး လှုပ်ရှားသူတွေက ထောက်ပြ ပြောဆိုနေကြ ပါတယ်။