လွတ်ငြိမ်းချမ်းသာခွင့်ပေါ် တုံ့ပြန် ရင်ဖွင့်သံများ

  • 12 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ရန်ကုန် အင်းစိန်ထောင်ကနေလည်း အကျဉ်းသား အတော်များများပြန်လွှတ်ပေးခဲ့

အခုလို နိုင်ငံရေး အကျဉ်းသားတချို့ကို အစိုးရက ပြန်လွှတ်ပေးတဲ့အပေါ် မြန်မာ့ ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်ပြီး၊ နောက်ထပ် ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဆက်လွှတ်ပေးဖို့ ကိုလည်း သူက တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty Internatioanl ကတော့ အခု လွတ်ပေးတဲ့ နိုင်ငံရေး အကျဉ်းသား အရေအတွက်ဟာ တကယ်ရှိတဲ့ အရေတွက်ရဲ့ ၅ ရာခိုင်နှုန်းလောက်ပဲ ရှိတဲ့အတွက် စိတ်ပျက်မိကြောင်း ပြောပါတယ်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကတော့ မြန်မာအစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးသင့် ကြောင်း ပြောပါတယ်။ နောက်ပြီး အစိုးရက နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အသုံးအနှုန်းကို လက်မခံသေးတဲ့ အတွက် ဒါဟာ သဘောထား ပြောင်းလဲမှု မရှိသေးတာကို ဖေါ်ပြနေ ကြောင်း AAPP က ဆိုပါတယ်။

လွတ်မြောက်လာသူတွေရဲ့ ဆန္ဒ

ခန္တီးထောင်က ပြန်လွတ်လာတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် မစုစုနွေးက မြန်မာနိုင်ငံကို အပြုသဘောနဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေတာဆိုရင် အစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးသင့်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ကိုမင်းကိုနိုင်နဲ့ အတူ ကျိုင်းတုံထောင်မှာ အတူနေပြီး ပြန်လွတ်လာတဲ့ မြန်မာနေးရှင်း ဂျာနယ်မှ ဦးဝင်းဆွေက ကိုမင်းကိုနိုင် ကျန်းမားရေးသိပ်မကောင်းကြောင်း ပြောပါတယ်။ သူ့ကို သွားနှုတ်ဆက်တဲ့အချိန်မှာ ကိုမင်းကိုနိုင်က သူမလွတ်သေးတဲ့ အကြောင်း သူ့မိသားစုကို ပြောကြားပေးဖို့ မှာလိုက်တယ်လို့ ဆိုပါတယ်။

မော်လမြိုင်ထောင်က လွတ်လာခဲ့တဲ့ ဗကသ ကျောင်းသူ မဖြိုးဖြိုးအောင်ကတော့ လုပ်စရာ ရှိတာတွေ ဆက်လုပ်ရမယ်လို့ ဆိုပါတယ်။

အခု ပြန်လွတ်လာတဲ့သူတွေဟာ ဝန်ခံချက် လက်မှတ်ထိုးရတာမျိုး မလုပ်ခဲ့ရကြောင်းနဲ့ ငွေကြေး မတတ်နိုင်သူတွေကိုတော့ အစိုးရ အစီအစဉ်နဲ့ နေရပ်ကို ပြန်ပို့ ပေးတယ်လို့လည်း သိရပါတယ်။

မလွတ်မြောက်သေးသူတွေရဲ့ မိသားစုတွေက ရင်ဖွင့်

ဒီကနေ့လွတ်လာသူတွေထဲမှာ မပါတဲ့ နိုင်ငံရေးကျဉ်းသားတွေရဲ့ မိသားစုတွေကတော့ အတော့်ကို စိတ်ပျက်သွားကြပါတယ်။

ကလေးထောင်မှာ ထောင်ဒဏ် ၈၅ နှစ်ကျခံနေရတဲ့ SNLD ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ရဲ့ ဇနီး နန်းခင်အုန်းတင့်က သူများတွေ လွတ်တာ ကြားတဲ့အခါ သူတို့လည်း စိတ်တွေလှုပ်ရှားပြီး မြန်မြန်ပြန်လာပါစေလို့ မျှော်လင့် ဆုတောင်းမိကြောင်း ဘီဘီစီကို ပြောပါတယ်။

စစ်တွေထောင်ထဲမှာ အကျဉ်းကျခံနေရင်း အစာအိမ်ရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရတဲ့ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့က ကိုသန်းတင်ရဲ့ ညီမဖြစ်သူ မသန်းသန်း​ဌေးက ကျန်းမားရေး မကောင်းတဲ့သူတွေ လွှတ်ပေးမယ်ပြောပြီး၊ အခုတော့ လွှတ်မပေးတဲ့အတွက် စိတ်ထဲမှာ တမျိုးကြီး ခံစားရကြောင်း ပြောပါတယ်။

သူ့ အကိုကြီးအပါအဝင် အကုန်လုံးကို ပြန်လွတ်စေချင်ကြောင်းနဲ့ ဆုတောင်းပွဲတွေလည်း အမြဲလုပ်ဖြစ်သွားမယ်လို့ စီစဉ်ထားကြောင်း မသန်းသန်းဌေးက ပြောပါတယ်။

ထောင်ဒဏ် ၆၅ နှစ်ကျခံနေရတဲ့ ၈၈ မျိုးဆက်သစ် ကျောင်းသားများအဖွဲ့က ကိုပဏ္ဍိတ်ထွန်း ရဲ့ မိခင် ဒေါ်ညွန့်ညွန့်ဦးက သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့် က အကျင့် စာရိတ္တကောင်းမွန်သူတွေကို ပြန်လွှတ်ပေးမယ်ဆိုတဲ့အပေါ် ထောက်ပြပြောဆိုပါတယ်။

ထောင်ထဲရောက်နေတဲ့ သူတွေဟာ နောက်ထပ် အကျင့်စာရိတ္တပျက်ပြားစရာ ဘာမှ မရှိတော့ ကြောင်းနဲ့ သူ့သားအတွက် မြောက်ဥက္ကလာပ ရဲစခန်းက အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံစာတွေရှိကြောင်း၊ နောက်ပြီး သူ့သားဟာ အလွန်ယဉ်ကျေးတဲ့ ပညာတတ် ဖြစ်ကြောင်း ဒေါ်ညွန့်ညွန့်ဦးကပြောပါတယ်။

သမ္မတက လွတ်ငြိမ်းချမ်းခွင့်ပေးတဲ့ အတွက် ထူးခြားမယ်လို့ မျှော်လင့် ထားပေမယ့် အခုလို အနည်းအကျဉ်းသာ ပြန်လွှတ်တဲ့အတွက် စိတ်ပျက်မိကြောင်းကိုလည်း သူကဆက် ပြောပါ တယ်။