မြန်မာ အလုပ်သမား နိုင်ငံကူး လက်မှတ် ဘန်ကောက်မှာ လုပ်ပေးတော့မည်

  • 13 အောက်တိုဘာ 2011
burmese migrant
Image caption ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမား တွေ မှတ်ပုံတင် စဉ်

ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမား တွေ အတွက် ယာယီ နိုင်ငံကူး လက်မှတ် ထုတ် ပေးရေး က နယ်စပ် မြို့တွေတွင်သာ မက အတွင်းပိုင်း ကျ တဲ့ ဘန်ကောက် အပါအဝင် အခြားမြို့ တွေမှာ လည်း လုပ် ပေးတော့မှာ ဖြစ် ပါတယ်။

လာမယ့် နှစ် က စပြီး မြန်မာ အလုပ်သမား အများ အပြား ရှိ နေတဲ့ ဘန်ကောက်၊ မဟာချိုင် စတဲ့ နေရာ တွေ မှာ ယာယီ နိုင်ငံကူး လက်မှတ် ထုတ် ပေးရေး ဌာန တွေ ဖွင့်လှစ်နိုင်တော့မှာ ဖြစ်သလို ချင်းမိုင်၊ ဆူရပ်ဌာနီ စတဲ့ မြို့တွေ မှာလည်း ဖွင့်လှစ် နိုင်တဲ့ အနေအထား ရှိတဲ့ အကြောင်း ထိုင်း နိုင်ငံ အလုပ်သမား ဝန်ကြီး ဌာန က အရာရှိ တွေ နဲ့ ဆွေးနွေး ခဲ့တဲ့ မြန်မာ အလုပ်သမား ဝန်ကြီး ဌာန က ညွှန်ကြားရေးမှူးချုပ် ဦးချစ်စိန် က ဘီဘီစီ ကို ပြောပါတယ်။

မြန်မာ အလုပ်သမား တွေတွင်သာ မက သူတို့ ရဲ့ သားသမီး တွေ ကိုပါ ယာယီ နိုင်ငံကူး လက်မှတ် ထုတ် ပေးနိုင်ရေး အတွက် ထိုင်း အရာရှိ တွေ ကို ဆွေးနွေးထား တယ် လို့ လည်း သူ က ပြောပါတယ်။

ထိုင်းနိုင်ငံ မှာ မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ သန်း လောက် ရှိတယ် လို့ ခန့်မှန်း ရပြီး ယာယီ နိုင်ငံကူး လက်မှတ် လုပ်နိုင်ရေးအတွက် မှတ်ပုံတင် လာလုပ်ကြတဲ့ မြန်မာ အလုပ် သမား အခုအချိန် မှာ ၉ သိန်း နီးပါးရှိလာပြီ လို့ လည်း သိရပါတယ်။

မြန်မာ နဲ့ ထိုင်း နိုင်ငံ အလုပ်သမား ဝန်ကြီး ဌာန က အရာရှိ တွေ ဆွေးနွေးပွဲမှာ အလုပ်ရှင် တွေ အနေနဲ့ အလုပ်သမား တွေအပေါ် ဖိနှိပ် မှု တွေ ပပျောက်အောင် အလုပ်ရှင် နဲ့ အလုပ် သမား အကြား သဘောတူစာချုပ် ချုပ် ဆိုရေး ကိစ္စ တွေ ကို လည်း ထည့်သွင်း ဆွေးနွေး ထားကြောင်း ဦးချစ်စိန် က ပြောပါတယ်။