အလုပ်သမား ဥပဒေသစ်ကို BLC ထောက်ပြ

  • 15 အောက်တိုဘာ 2011
Image caption ဥပဒေသစ်အရ အလုပ်သမား အခွင့်အရေးတွေ ကန့်သတ်ခံနေရဆဲလို့ BLC ထောက်ပြ

ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာ အစိုးရသစ် ပြဌာန်း လိုက်တဲ့ အလုပ်သမား အဖွဲ့အစည်း ဥပဒေသစ်ဟာ အဲဒီ ဥပဒေသစ်အရ ဖျက် သိမ်းလိုက်တဲ့ ၁၉၂၆ ခုနှစ် အလုပ်သမား သမဂ္ဂ ဥပဒေထက် အဆများစွာ ဆိုးသွား ကြောင်းနဲ့ အလုပ်သမားတွေကို ပိုမို ကန့်သတ် လိုက်တဲ့ ဥပဒေ ဖြစ်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီက ထောက်ပြ ဝေဖန် လိုက်ပါတယ်။

အရင် ဥပဒေမှာ အလုပ်သမား သမဂ္ဂတွေ ဖွဲ့စည်းမှုကို ထိန်းချုပ်ထားတာမျိုး မရှိပဲ အခု ဥပဒေသစ်မှာ ထိန်းချုပ်ထားတယ်လို့ မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးက ဘီဘီစီကို ပြောပါတယ်။

မှတ်ပုံတင် အရာရှိရဲ့ ဆုံးဖြတ်ချက်ကို မကြေနပ်ရင် တရားရုံး တက်ခွင့် ရှိတာချင်း တူပေမယ့် လည်း ၁၉၂၆ ခုနှစ် အလုပ်သမား သမဂ္ဂ ဥပဒေကို လက်တွေ့ ကျင့်သုံးခွင့် ရခဲ့တဲ့ ၁၉၄၈ ခုနှစ်ကနေ ၁၉၆၂ ခုနှစ်အထိ ကာလအတွင်း တရားစီရင်ရေး လွတ်လပ်မှု ရှိခဲ့ပြီး လက်ရှိ အချိန်မှာတော့ တရားစီရင်ရေးကို အစိုးရက လုံးဝ ချုပ်ကိုင်ထားတယ်လို့ ဆိုပါတယ်။

မူလ ဥပဒေမှာတုန်းက အလုပ်သမား သမဂ္ဂတွေကို နိုင်ငံရေး ရည်မှန်းချက်အတွက် သီးခြား ရံပုံငွေ ထူထောင်ခွင့် ပေးထားတာမျိုး၊ လွှတ်တော် အမတ် အဖြစ် ဝင်အရွေးခံခွင့် ပေးတာမျိုး တွေ ရှိခဲ့ပေမယ့် အခု ဥပဒေသစ်မှာတော့ အလုပ်သမားတွေကို နိုင်ငံရေးနဲ့ ပတ်သက်ခြင်း မရှိဖို့ လုံးဝ ကန့်သတ်ထားတယ်လို့ ဦးအောင်ထူးက ပြောပါတယ်။

အလုပ်သမား အကျိုးစီးပွား အခွင့်အရေးတွေကို အစိုးရက ထိပါးနေပြီဆိုရင် အလုပ်သမား တွေ အနေနဲ့ အစိုးရကို ဆန္ဒပြခွင့် ရှိရမှာ ဖြစ်ပြီး အလုပ်ရှင်တွေကိုသာ ဆန္ဒပြခွင့် ရှိရမယ် ဆိုတဲ့ ဥပဒေဟာ ဘယ်ကမ္ဘာ့ နိုင်ငံတွေမှာမှ မရှိဘူးလို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လက်ရှိ တည်ဆဲ ဥပဒေတွေဖြစ်တဲ့ ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောက်ယှက် ဖျက်ဆီးသူများ၏အန္တရာယ်မှ ကာကွယ်သည့် ဥပဒေ၊ ၁၉၈၈ ခုနှစ် အသင်း အဖွဲ့များ ဖွဲ့စည်းခြင်း ဆိုင်ရာ ဥပဒေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၅၄ တို့ ရှိနေသေးသမျှ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ထိပါးခံနေရမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ရှေ့နေများ ကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးက ထောက်ပြ ဝေဖန်သွားပါတယ်။