ကိုမင်းကိုနိုင်ရဲ့ ထောင်ထဲမှ သတင်းစကား

  • 15 အောက်တိုဘာ 2011

ထောင်ဒဏ်နှစ်ရှည်ကျခံနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ခေါင်းဆောင် ကိုမင်းကိုနိုင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအကြား တွေ့ဆုံဆွေးနွေးမှုတွေ အပေါ် ကြိုဆို ထောက်ခံကြောင်း ပြောကြားလိုက်ပါတယ်။

Image caption ဆွေးနွေးပွဲ ရလဒ်အပေါ် ဒေါ်စုရဲ့ ဆုံးဖြတ်ချက် ကိုလက်ခံမယ် (ကိုမင်းကိုနိုင်)

ဒါပေမယ်လို့ ဆွေးနွေးပွဲ အချိန်သတ်မှတ်ချက် တခုတော့ ရှိသင့်ကြောင်းနဲ့ ဆွေးနွေးပွဲကနေ ရရှိလာမယ့် ရလဒ်အပေါ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဆုံးဖြတ်ချက်အတိုင်း လက်ခံမယ် လို့လည်း ကိုမင်းကိုနိုင်က ပြောပါတယ်။

ကျိုင်းတုံထောင်မှာ အကျဉ်းကျခံနေရတဲ့ ကိုမင်းကိုနိုင်ကို အမဖြစ်သူ မကြည်ကြည်ညွန့်က ထောင်ဝင်စာ သွားတွေ့ရာမှာ အခုလို သတင်းစကား ပြောကြားလိုက်တာ ဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပါတီမှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ပြောဆိုချက်တွေအပေါ်ကိုတော့ ကိုမင်းကိုနိုင်က ကာယကံရှင်ကိုယ်၌က ဘာမှ ဆုံးဖြတ် ပြောဆိုတာ မရှိသေးတဲ့အတွက် သူ့အနေနဲ့ ဒီကိစ္စအပေါ် ကြိုတင် မှတ်ချက်ပေး မပြောနိုင် သေးဘူးလို့ ဆိုပါတယ်။

နိုင်ငံရေးနဲ့ပတ်သက်ပြီး သူ့ရဲ့သဘောထားကို အခုလို ထောင်ထဲကနေ သတင်းစကား ပြောကြားလိုက်တာဟာ ဒါ ပထမဦးဆုံးဖြစ်ကြောင်းကိုလည်း ကိုမင်းကိုနိုင်က ရှင်းပြ လိုက်ကြောင်း အမဖြစ်သူ မကြည်ကြည်ညွန့်က ပြောပါတယ်။