နိုင်ကျဉ်း တချို့ လွတ်မှု မင်းဇေယျ ကြိုဆို

  • 17 အောက်တိုဘာ 2011
Min Ko Naing
Image caption မင်းကိုနိုင် အပါအဝင် ၈၈ ကျောင်းသား ခေါင်းဆောင်တွေ မလွတ်သေး

ပြီးခဲ့တဲ့ အပတ်က နိုင်ငံရေး အကျဉ်းသား တချို့ ပြန်လွတ် လာတဲ့ အတွက် ကြိုဆို ပေမယ့် ကျန်တဲ့ လူတွေကိုလည်း လွှတ်ပေး သင့်ပြီလို့ ၈၈ ကျောင်းသား ခေါင်းဆောင် မင်းဇေယျက ပြောကြောင်း ဇနီး ဖြစ်သူက ဘီဘီစီကို ပြောပြပါတယ်။

ထောင်ဒဏ် ခြောက်ဆယ့် ငါးနှစ် ချခံ ထားရတဲ့ ၈၈ ကျောင်းသား ခေါင်းဆောင် မင်းဇေယျရဲ့ ထောင်တွင်း လုံခြုံရေး အတွက် စိုးရိမ်တယ်လို့ မကြာသေးခင်က ထောင်ဝင်စာ တွေ့ခဲ့တဲ့ ဇနီး ဒေါ်ချိုချိုဝင်းက ဘီဘီစီကို ပြောပြပါတယ်။

မင်းဇေယျ တို့ကို နိုင်ငံရေး အကျဉ်းသား အချင်းချင်း စုမထားပဲ ရာဇဝတ် သားတွေနဲ့ ရောထားတဲ့ အတွက် လုံခြုံရေး စိုးရိမ်တာလို့ ဇနီးသည်က ပြောပြပါတယ်။

ကျန်းမာရေး အခြေအနေ ကောင်းပြီး စာဖတ်ခွင့် ရပေမယ့် အပြင်ထွက် လမ်းလျှောက်ခွင့်၊ လွတ်လွတ် လပ်လပ် ထောင်ဝင်စာ တွေ့ခွင့်၊ ရေဒီယို နားထောင်ခွင့်တွေ မရပဲ အခန်းကျဉ်းလေးထဲမှာ ပိတ်လှောင်ထားတယ် ပြောပါတယ်။

လားရှိုး အကျဉ်းထောင်မှာ နိုင်ငံရေး အကျဉ်းသား မူလက ဆယ့်ငါးယောက် ရှိပေမယ့် ပြီးခဲ့တဲ့ အပတ်က လေးယောက် လွတ်သွားတဲ့ အတွက် ကိုမင်းဟန်၊ ကိုလင်းစိုးနဲ့ မဟန်နီဦးတို့ အပါအဝင် ဆယ့်တယောက် ကျန်ပါတယ်။

မဟန်နီဦး ကျန်းမာရေး အခြေအနေ မကောင်းဘူး၊ အစာအိမ် ရောဂါ ဖြစ်နေတယ်လို့ သိရပြီး ဖခင် ဖြစ်သူက ထောင်ဝင်စာ လာတွေ့ရမှာ ဆန်ပြုတ် လာပို့ရှာတယ်လို့ ဒေါ်ချိုချိုဝင်းက ဘီဘီစီကို ပြောပြ ခဲ့ပါတယ်။