ကိုမင်းကိုနိုင် မွေးနေ့အကြို ဂုဏ်ပြုပွဲ

  • 16 အောက်တိုဘာ 2011

လာမယ့် အင်္ဂါနေ့မှာ ကျရောက်မယ့် ၈၈ ကျောင်းသား ခေါင်ဆောင် ကိုမင်းကိုနိုင်ရဲ့ (၄၉) နှစ်မြောက် မွေးနေ့အကြို ဂုဏ်ပြုပွဲ ကို တောင်ဒဂုံမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD လူငယ် သွေးအကူအညီပေရေး အဖွဲ့က ကျင်းပခဲ့ ပါတယ်။

Image caption သူ့ရဲ့ ရိုးသားမှုနဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ အပေါ် ဂုဏ်ပြုတာ ဖြစ်ပါတယ်

ကျောင်းသားခေါင်းဆောင် ဖြစ်တဲ့ ကိုမင်းကိုနိုင်ဟာ ရိုးသားပြီး၊ ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်မှုတွေအပေါ်လေးစား ဂုဏ်ပြုတဲ့အနေနဲ့ အခုလို မွေးနေ့ အကြိုပွဲ ကျင်းပရတာ ဖြစ်ကြောင်း NLD လူငယ် သွေးအကူညီပေးရေး အဖွဲ့မှ ကိုညီညီက ဘီဘီစီကို ပြောပါတယ်။

ဂုဏ်ပြုပွဲကို တောင်ဒဂုံ ၂၆ ရပ်ကွက်က ဘုန်းကြီးကျောင်းမှာ တနင်္ဂနွေနေ့က ပြုလုပ် ခဲ့တာ ဖြစ်ပြီး၊ ဒီဂုဏ်ပြုပွဲကို မျိုးဆက်သစ် လူငယ်တွေ အများဆုံး တက်ရောက်သလို အနုပညာရှင် တွေလည်း တက်ရောက်ဂုဏ်ပြု ခဲ့တယ်လို့ သူကပြောပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ပါတဲ့ အပေါ် ကြိုဆိုပေမယ့်လည်း ဒီလူတွေအားလုံးဟာ နိုင်ငံကောင်းဖို့ ဆောင်ရွက်မယ့် သူတွေ ဖြစ်တဲ့အတွက် အားလုံးကို လွှတ်ပေးစေလိုကြောင်းကိုလည်း သူက ပြောပါတယ်။

အစိုးရသစ်ကနေ အကျဉ်းသားတွေ နောက်ထပ်လွှတ်ပေးတဲ့အခါ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်လိမ့်မယ်လို့ ယုံကြည်တဲ့ အကြောင်းနဲ့ ခုနောက်ပိုင်း အာဏာပိုင်တွေ ဘက်က တာဆီး ပိတ်ပင်ဟန့်တားတာတွေ မရှိဘူးလို့ ဆိုပါတယ်။

လာမယ့် အင်္ဂါနေ့ ကိုမင်းကိုနိုင်မွေးနေ့ကိုလည်း တခမ်းတနား ကျင်းပဖို့ ပြင်ဆင်ထားတယ် လို့ သိရပါတယ်။