နှစ်ရှည် အကျဉ်းသမား တစ်ဦးရဲ့ ပြောပြချက်

  • 16 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ပြန်လွတ်လာသူ ခြောက်ထောင်ကျော်ထဲမှာ နိုင်ငံရေး အကျဉ်းသား နှစ်ရာကျော်သာပါ

သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်း ချမ်းသာ ခွင့် အမိန့်နဲ့ ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ထဲမှာ ၁၉၈၉ ခုနှစ်က သံလျင် ရေနံချက် စက်ရုံနဲ့ ရန်ကုန် မြို့တော် ခန်းမ ဗုံးဖေါက်ခွဲတယ် ဆိုတဲ့ အမှုနဲ့ ထောင်ဒဏ် နှစ်ရှည် ကျခံနေရသူ သံလျင် NLD အဖွဲ့ဝင် ကိုညီညီဦးလည်း ပါဝင်ပါတယ်။

အဲဒီအမှုနဲ့ သူ့ကို သေဒဏ် ချမှတ်အပြီး နောက်ပိုင်း မှာ KNU ကရင်အမျိုးသား အစည်းအရုံးက ဗိုလ်မှူးကိုကိုနိုင်က ဒီဗုံးဖေါက်ခွဲမှုတွေကို သူလုပ်ခဲ့တာလို့ ဝန်ခံ ပြောဆို ခဲ့ကြောင်း၊ အဲဒီအခါ ဗိုလ်မှူး ကိုကိုနိုင်ကို မြို့တော်ခန်းမ ဗုံးဖောက်ခွဲမှု သက်သက်နဲ့သာ စွဲချက်တင်ခဲ့ပြီး သူ့ကိုတော့ သံလျင်ရေနံချက် စက်ရုံ ဗုံးခွဲတယ်ဆိုပြီး ထောင်ဒဏ် တသက် တကျွန်းပြောင်းလဲ ချမှတ်ခဲ့တာ ဖြစ်ကြောင်း ကိုညီညီဦးက ပြောပြပါတယ်။

သူ့မှာ အပြစ်မရှိပဲ အခုလို ထောင်ဒဏ် နှစ်ရှည် ကျခံခဲ့ရတာအပေါ် ဥပဒေကြောင်းအရ ပြန်လည် တုန့်ပြန်သင့် မသင့် ဆိုတာနဲ့ ပတ်သက်လို့တော့ ကိုညီညီဦးက သူဟာ NLD အဖွဲ့ဝင်တဦးအနေနဲ့ တောက်လျှောက် နေထိုင် ကျင့်ကြံလာခဲ့သလိုပဲ အခု ဒီကိစ္စမှာလည်း NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူလူထုရဲ့ သဘောဆန္ဒ အတိုင်း လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့အကျိုးကို ရှေ့ရှု လုပ်နေတယ်လို့ သူ့အနေနဲ့ ယုံကြည် ထားတာမို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေး နေတာကို သူ့အနေနဲ့ ကြိုဆိုတယ်လို့လည်း ပြောပါတယ်။

ပြန်လွတ်လာအပြီး အပြင်က မိသားစုတွေ၊ ရောင်းရင်းမိတ်ဆွေနဲ့ တွေ့ရတာမို့ အတိုင်းမသိ ပျော်မိပေမယ့် ထောင်ထဲမှာ အနှစ် ၂၀ အတူနေခဲ့ပြီး ကိုယ့်မိသားစုလေးလို ဖြစ်နေတဲ့ နိုင်ငံရေး လုပ်ဖေါ် ကိုင်ဖက်တွေကို ခွဲခွာထားခဲ့ရတာကိုတော့ စိတ်မကောင်းဖြစ်မိတယ်လို့ ကိုညီညီဦးက ဘီဘီစီကို ပြောပါတယ်။

သူ ထောင်ထဲမှာ ရှိနေစဉ် မိဘ နှစ်ပါးစလုံး ကွယ်လွန်သွားတာမို့ ညီမ ဝမ်းကွဲ ဖြစ်သူ မဇာဇာ ကပဲ သူ့ကို ထောင်ဝင်စာ လာတွေ့ပြီး ကြည့်ရှု စောင့်ရှောက်ခဲ့ရတယ်လို့ လည်း ကိုညီညီဦးက ပြောပြပါတယ်။