ဘန်ကောက်မြို့ပြင်က စက်မှုဇုန်အထိ ရေကြီး

  • 17 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption တမံတချို့ ကျိုးပေါက်ပြီး၊ ရေတွေ စီးဝင်လာ တာကြောင့် အကာအရံတွေ ပြုလုပ်နေပါတယ်

ထိုင်းနိုင်ငံဘန်ကောက်မြို့ပြင်က ကြီးမား တဲ့ စက်မှုဇုန်နယ်မြေဘက်မှာ ရေတွေ တက်လာနေတဲ့အတွက် အဲဒီမှာ ရှိတဲ့သူတွေ အနေနဲ့ ဘေးလွတ်ရာကို ထွက်ခွာကြဖို့ အစိုးရက အမိန့်ထုတ်ပြန် လိုက်ပါတယ်။

ဘန်ကောက်မြို့ အထက်ပိုင်းက စီးဆင်းလာတဲ့ ရေတွေဟာ အခုဆိုရင် ဘန်ကောက်မြို့ မြောက်ဘက် မိုင် ၄ဝ လောက် အကွာမှာ ရှိတဲ့ နဝါ့နခေါန်း ဒေသကို ရောက်လာပြီ ဖြစ်ပါတယ်။

တနင်္လာနေ့ ညနေပိုင်းအချိန် နောက်ဆုံး ရေကြီးနေတဲ့ အခြေအနေကတော့ စက်ရုံပေါင်း ၂၀၀ လောက် တည်ရှိတဲ့ နဝါ့နခေါန်း စက်မှုဇုန်ကို ကာထားတဲ့ တာတမံ ပေါက်သွားလို့ စက်မှုဇုန် တချို့နေရာမှာ ရေတမီတာကနေ နှစ်မီတာလောက် ရေမြှုပ်နေပြီ ဖြစ်ပါတယ်။

အခုရေကြီးလာနေတဲ့ နဝါ့နခေါန်းက စက်မှုဇုန် စက်ရုံတွေ ပိတ်ထားလိုက်ပြီး အဲဒီနေရာ အောက်ပိုင်းက တလတ်ထိုင်းစျေးကိုလည်း ရေရောက်လာနိုင်တယ်လို့ အစိုးရ ကယ်ဆယ်ရေး ရုံးက သတိပေး နှိုးဆော်ထားပါတယ်။

နဝါ့နခေါန်း အရပ်မှာရှိတဲ့ စက်ရုံတွေအားလုံးကို အကုန်ပိတ်လိုက်ပြီ ဖြစ်တဲ့အတွက် အလုပ်သမားတွေဟာ မဲဆောက်၊ ဘန်ကောက်၊ မဟာချိုင်နဲ့ တခြားဒေသတွေကို ပြောင်းရွှေ့ သွားနေကြတယ်လို့ အဲဒီမှာရှိတဲ့ မြန်မာ အလုပ်သမားတစ်ဦးက ဘီဘီစီကို ရှင်းပြပါတယ်။

မြန်မာအလုပ်သမား ထောင်နဲ့ချီရှိတဲ့ တလတ်ထိုင်းစျေးကို ရေဝင်လာမယ်ဆိုရင်တော့ မြန်မာအလုပ်သမားတွေအနေနဲ့ တလာဘူရီနဲ့ မဟာချိုင်ဘက်ကို ပြောင်းရင် အဆင်ပြေမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဘန်ကောက်မြို့ ရေကြီးမှာကို မြို့ခံတွေက စိုးရိမ်နေတဲ့အတွက် စားစရာတွေကို စတင် ဝယ်ယူ စုဆောင်း နေကြပြီဖြစ်ပါတယ်။

ဘန်ကောက်ဘက်ကို ရေမရောက်လာအောင် တာတမံအသစ်တခုကို စစ်တပ်က ရဟတ် ယာဉ်တွေ စက်ယန္တရားတွေနဲ့ လုပ်ဆောင်နေပြီး၊ ကယ်ဆယ်ရေးအဖွဲ့တွေ အနေနဲ့ ရေကြီးမှု အခြေအနေကို တနင်္လာနေ့ တစ်ညလုံး အနီးကပ် စောင့်ကြည့်နေမှာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ရေကြီးမှုကြောင့် မြောက်ဘက်ပိုင်း ပြည်နယ်တွေမှာ ရေလွှမ်းနေပြီး၊ အလယ် ပိုင်းက ကွင်းပြင်တွေလည်း ရေမြှုပ်နေပါတယ်။ လူပေါင်း ၃၀၀ ကျော်လည်း သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။