ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ အပြင်းအထန် ဆက်ဖြစ်နေ

  • 17 အောက်တိုဘာ 2011
Image caption ရှုခင်းသာ တဝိုက်မှာ တနင်္လာနေ့ တနေကုန် တိုက်ပွဲတွေ ဖြစ်ပွားနေ

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း ကချင် လွပ်လပ်ရေး တပ်မတော် KIA နဲ့ အစိုးရစစ်တပ်တွေ အကြား ပြင်းထန်တဲ့ တိုက်ပွဲတွေ (၅) ရက်မြောက် အဖြစ် ဆက်လက် ဖြစ်ပွားနေဖြစ်ပါတယ်။

‘ဂါးရာယန်’ နဲ့ ‘ရွှေညောင်ပင်’အကြားက ‘ရှုခင်းသာ’ တဝိုက်မှာ ဒီကနေ့ နေ့လည် (၁) နာရီ လောက်က စပြီး အပြန်အလှန် တိုက်ခိုက်နေကြရာ၊ တနေ့လည်လုံးလိုလို တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရပါတယ်။

အစိုးရတပ်ဖွဲ့တွေဟာ မနေ့ညနေပိုင်းက ဒေါ့ဖုန်းယန်မြို့နယ်ခွဲ ‘နန်ဆန်ယန်’ရွာ အတွင်း ဝင်ရောက်လာပြီး အိမ်တချို့ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောကြောင်း KIA သတင်းရပ်ကွက် အဆိုအရ သိရပါတယ်။

တနင်္ဂနွေနေ့ ညနေပိုင်းက အိမ် (၅) လုံးကို မီးရှို့ခဲ့ပြီး တနင်္လာနေ့မှာလည်း အိမ်တချို့ကို ဆက်လက်မီးရှို့ရာ စုစုပေါင်း အိမ် (၂၀) ခန့် မီးရှို့ ဖျက်ဆီးခံရကြောင်း သိရပါတယ်။

တနင်္ဂနွေနေ့က ဖမ်းဆီးစစ်ဆေးခံရတဲ့ ကက်သလစ် ဓမ္မဆရာကိုတော့ တနင်္လာနေ့က ပြန်လွှတ်ပေးလိုက်ကြောင်း သိရပါတယ်။

တနင်္လာနေ့က ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အထိအခိုက် အကျအဆုံးစာရင်း ကိုတော့ မသိရသေးပါ။

နန်ဆန်ယန် ရွာဟာ မြစ်ကြီးနား–ဗန်းမော်လမ်းကြောင်းပေါ်က အချက်အချာကျရာ ရွာကြီးတရွာဖြစ်ပြီး၊ အရင်ကဆိုရင် အစိုးရစစ်တပ်ရဲ့ ရှေ့တန်းစခန်းချရာ နေရာတခု ဖြစ်တဲ့အပြင် ဆက်သွယ် ရေးရုံးတွေပါ ရှိတဲ့ ရွာကြီးတရွာ ဖြစ်ပါတယ်။

အခုတော့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒီရွာထဲက အိမ်တွေမှာ အိမ်စောင့်တဦး တလေသာ ကျန်ခဲ့ပြီး၊ အများစုက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်။