နိုင်ငံရေး အကျဉ်းသား သုံးရာပဲ ကျန်တော့တယ်လို့ဆို

  • 18 အောက်တိုဘာ 2011
political prisoners ဓာတ်ပုံ မူပိုင် Reuters
Image caption လွတ်မြောက် အကျဉ်းသားများ

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ၆၀၀ သာ ရှိခဲ့ရာကနေ အခုအခါမှာ ၃၀၀ ကို လွှတ်ပေး လိုက်ပြီ ဖြစ်လို့ အကျဉ်းထောင်ထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ အကျဉ်းသား ၃၀၀ ပဲ ကျန်တော့တယ်လို့ သမ္မတရဲ့ အကြံပေး ဦးကိုကိုလှိုင်က ပြောပါတယ်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်း သားများ ကူညီစောင့်ရှောက်ရေး အဖွဲ့ အေအေပီပီရဲ့ စာရင်း အရကတော့ အကျဉ်းထောင်ထဲမှာ နိုင်ငံရေး အကျဉ်း သား ၁၀၀၀ ကျော် ကျန်သေးတယ်လို့ ဆိုပါတယ်။

ဘာ့ကြောင့် အရေအတွက် အခုလို ကွာခြားနေပါသလဲ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူနဲ့ နိုင်ငံရေး အကျဉ်းသား အကြားမှာ ကွာခြားချက် ရှိပါသလား။

ဦးကိုကိုလှိုင်ရဲ့ ပြောကြားချက်အရကတော့ အေအေပီပီရဲ့ စာရင်းကောက်ယူချက်ဟာ ပြည်ပကနေ ခန့်မှန်းကောက်ယူတာဖြစ်တဲ့ အတွက် မတိကျတာ ဖြစ်နိုင်သလို၊ အဓိပ္ပါယ် ဖွင့်ဆိုချက် ကွဲလွဲတာကြောင့် မတူညီတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေး အကျဉ်းသား အဓိပ္ပါယ် သတ်မှတ်ချက်နဲ့ ပတ်သက်ပြီး Derek Tonkin ရဲ့ ရေးသားချက်ကို သဘောကျကြောင်းလည်း သမ္မတရဲ့ အကြံပေး ဦးကိုကိုလှိုင်က ကိုးကားပြောဆိုပါတယ်။

အေအေပီပီက လက်နက်ကိုင် တော်လှန်ရေး သမားတွေကို နိုင်ငံရေး အကျဉ်းသား အဖြစ် ထည့်သွင်းတွက်ချက်ပြီး၊ ပြည်ထဲရေး ဝန်ကြီးဌာနက လက်နက်ကိုင် တော်လှန်ရေး သမားတွေကို သောင်းကျန်းသူတွေလို့ သတ်မှတ်တာမျိုး ရှိနိုင်တယ်လို့ ဆိုပါတယ်။

အီလက်ထရောနစ် ပုဒ်မနဲ့ ထောင်ကျနေသူတွေကိုလည်း အစိုးရက နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်မပေးတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

နိုင်ငံရေး အကျဉ်းသား အဓိပ္ပါယ် သတ်မှတ်ချက် မတူညီတဲ့ အတွက် အရေ အတွက် ကွာခြားတယ်လို့ ဆိုပေမဲ့ ထောင်ထဲမှာ ကျန်တဲ့ နိုင်ငံရေး အကျဉ်းသား အရေ အတွက် ကို ပြောဆိုရာမှာ အေအေပီပီက အစိုးရထက်ပိုများနေပြီး ၊ လွှတ်ပေးတဲ့ အရေအတွက်ကို ပြောဆိုရာမှာတော့ အစိုးရစာရင်းက အေအေပီပီ ကောက်ယူတဲ့ စာရင်းထက် များနေတာကို တွေ့ရပါတယ်။

အရေ အတွက် ကွဲပြား ငြင်းခုန်ရတာမျိုး မဖြစ်ရအောင် ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ အရေအတွက်ကို အစိုးရက တရားဝင် ကြေငြာပေးဖို့ သမ္မတအကြံပေး ပုဂ္ဂိုလ်တွေက အကြံပေးရင် မရနိုင်ဘူးလားလို့ မေးရာမှာတော့ အစိုးရရဲ့ တရားဝင်စာရင်းကို သံရုံးတချို့ကို ပေးပို့ထားပြီးဖြစ်တယ်လို့ ဦးကိုကိုလှိုင်က ဆိုပါတယ်။