မင်းကိုနိုင် ကို လွှတ်ဖို့ တောင်း ဆိုကြ

အောက်တိုဘာလ ၁၈ ရက် နေ့မှာ ကျရောက်တဲ့ ကိုမင်းကိုနိုင်ရဲ့ မွေးနေ့ကို ပြည်တွင်း ပြည်ပမှာ ပြုလုပ် ကျင်းပကြပြီး သူ့လွတ်မြောက်ရေးအတွက် တောင်းဆို တာတွေ ဆုတောင်း တာတွေ ပြုလုပ် ခဲ့ကြ ပါတယ်။

Image caption ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကို မင်းကိုနိုင် ထောင်ဒဏ် နှစ်ရှည် ကျ နေဆဲ

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့က အကျဉ်းသား ခြောက်ထောင် ကျော် ကို မြန်မာ အစိုးရက လွှတ်ပေးခဲ့ တဲ့ အထဲမှာ နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော် ပါဝင်ခဲ့ ပေမဲ့ ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုးဆက် ကျောင်းသား တွေတော့ မပါဝင် ခဲ့ပါဘူး။

ရန်ကုန်က သမိုင်း မြို့မ ကျောင်းမှာ ပြုလုပ်တဲ့ ကိုမင်းကိုနိုင်ရဲ့ ၄၉ နှစ်မြောက် မွေးနေ့ပွဲမှာ ဒေါ်အောင်ဆန်း စုကြည် တက်ရောက် စကား ပြောခဲ့ ပါတယ်။

ကိုမင်းကိုနိုင်လို လူတစ်ယောက် ကို ပြုစု ပျိုးထောင် ပေးခဲ့တဲ့ သူ့မိသားစုကို ကျေးဇူးတင် ဂုဏ်ပြု တယ်လို့ ပြောခဲ့တဲ့ အပြင် မဖမ်းဆီး ထိုက်တဲ့ လူတွေကို ဖမ်းဆီး ထား တာ ဟာ အဂတိတရား လိုက်စားတာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

ကိုမင်းကိုနိုင်ကို လွှတ်ပေးဖို့ လည်း ဒေါ်အောင်ဆန်း စုကြည်က တောင်းဆို သွားပါတယ်။

အဲဒီ မွေးနေ့ ပွဲကို တက်ရောက်ခဲ့ကြသူတွေ ထဲမှာ ပြီးခဲ့တဲ့ ၁၂ ရက်နေ့ ကမှ ထောင်က လွတ်လာတဲ့ နာမည်ကြီး လူရွှင်တော် ကိုဇာဂနာ နဲ့ ၂၀၀၇ ခုနှစ်မှာ ပြန်လည် ဖွဲ့စည်း ခဲ့တဲ့ ဗမာ နိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ရဲ့ ခေါင်းဆောင် တစ်ယောက်ဖြစ်သူ မဖြိုးဖြိုးအောင် တို့လည်း ပါဝင် ပါတယ်။

ကိုဇာဂနာက ကိုမင်းကိုနိုင်ရဲ့ မွေးနေ့ လက်ဆောင် အဖြစ် သူ့ကို လွှတ်ပေးဖို့ သမ္မတ ဦးသိန်းစိန် ကို တောင်းဆို ထားပါတယ်။

ဗကသ ကျောင်းသား ခေါင်းဆောင် မဖြိုးဖြိုးအောင် ကတော့ ဗကသ အဖွဲ့ရဲ့ သဝဏ်လွှာ ကို ဖတ်ကြား ခဲ့တဲ့ အပြင် မကြာသေးခင်က အစိုးရက လွတ်ငြိမ်း ချမ်းသာခွင့် ပေးခဲ့တာဟာ သူတို့ နာမည် ကောင်း ရအောင်သာ အကျဉ်းသားတွေကို လွှတ်ပေး ခဲ့တာ ဖြစ်ပြီး ကိုမင်းကို နိုင် အပါအဝင် ကျောင်းသား ခေါင်းဆောင် အားလုံးကို လွှတ်ပေး ဖို့မှာ တော့ စိုးရိမ်မှု ရှိနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ကိုမင်းကိုနိုင်ရဲ့မွေးနေ့ကို ထိုင်းနိုင်ငံနဲ့ ဗြိတိန် နိုင်ငံ အပါအဝင် ပြည်ပ နိုင်ငံ တချို့မှာလည်း ကျင်းပ ခဲ့ကြ ပါတယ်။