ရှမ်းပြည်နယ်မှာ ဘိန်းစိုက်မှု ပိုများလာ

  • 19 အောက်တိုဘာ 2011
opium
Image caption ဘိန်းစိုက်ခင်း တခုကို အနီးကပ် တွေ့ရစဉ်

ရှမ်းပြည်နယ် မြောက်ပိုင်း အစိုးရနဲ့ ရှမ်း သူပုန် တိုက်ပွဲ ဖြစ်ပွားရာ နေရာမှာ ရွေး ကောက်ပွဲ ပြီးကတည်းက ဘိန်းစိုက်မှု ပိုများလာတယ်လို့ သတင်းတွေ ရရှိပါတယ်။

ဒီဒေသတွေဟာ ဟိုးရှေးရှေး ကတည်းက ဘိန်းနဲ့ ကင်းတယ်ရယ် မရှိပဲ ဘိန်းစိုက်ပျိုးမှုဟာ တနှစ် နဲ့တနှစ် အတက်အကျ ရှိပါတယ်။

ဒါပေမယ့် မြန်မာ နိုင်ငံထဲက ဘိန်းစိုက်ပျိုးတဲ့ ဒေသတွေ အကြောင်း ပလောင် အမျိုးသမီးများ အဖွဲ့က ပြုစုထားတဲ့ အဆိပ်သင့်တောင် တန်း အစီရင်ခံစာ ထွက်လာချိန် လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စပြီး ဒီဒေသတွေမှာ ဘိန်းစိုက် ပျိုးမှု သိသိသာသာ တက်လာတယ်လို့ ပလောင် အမျိုးသမီးများ အဖွဲ့က အထွေ ထွေ အတွင်းရေးမှုး မလွင်နေနှောင်းက ဘီဘီစီကို ပြောပြပါတယ်။

အရှေ့မြောက်နဲ့ ကချင် ပြည်နယ် ဘက်တွေမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့ အတွက် လက်ရှိ အာဏာပိုင်တွေရဲ့ ကြည့်ရှုနိုင်ခြင်း မရှိတဲ့ပေါ်မှာ ဘိန်းစိုက်ပျိုးမှု တက်လာတာ ဖြစ်ပါတယ်။

ရွာသူ ရွာသားတွေ အတွက် ဘိန်းအစားထိုး သက်မွေး ဝမ်းကျောင်း လုပ်ငန်းတွေ စီစဉ် ပေးနိုင်ခြင်း မရှိတာအပြင် စီးပွားရေး အရ တွက်ချေကိုက်တဲ့ အချက်တွေက ဘိန်းစိုက် ပျိုးမှုကို ပိုများလာစေပုံ ရပါတယ်။

ဒါပေမယ့် အရေးကြီးတဲ့ အကြောင်းရင်း တခုကတော့ ရွေးကောက်ပွဲမှာ မူးယစ် ရာဇာတွေ လွှတ်တော်ထဲ နေရာ ရလာပြီးနောက် သူတို့ မဲဆန္ဒ နယ်တွေက ဒေသခံတွေ ဘိန်းစိုက်ဖို့ အရင်ထက် အခွင့် အရေး ပိုရလာပြီး ဘိန်းပို စိုက်လာကြတာ ဖြစ်တယ်လို့ မလွင်နေ နှောင်းက ဘီဘီစီကို ပြောပြပါတယ်။

ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးရာမှာ အမတ် အဖြစ် အရွေးခံရရင် ငါးနှစ်ဘိန်း စိုက်ခွင့် ပြုမယ်လို့ တချို့ ကိုယ်စားလှယ်တွေက စည်းရုံး မဲဆွယ်ခဲ့ပြီး သူတို့ အရွေးခံရပြီး နောက်ပိုင်းမှာ ဘိန်းစိုက်ပျိုးမှု တကယ် တက်လာခဲ့ပါတယ်။

တကယ်တော့ ဘိန်းစိုက်ပျိုးမှု ကျဆင်းအောင် နိုင်ငံတကာကလည်း သင့်တော်တဲ့ အကူ အညီတွေနဲ့ ဖိအားတွေ ပေးနေပါလျက်နဲ့ ထိရောက်မှု မရှိတာကို ပြနေပုံ ရပါတယ်။

အစိုးရက ဘိန်းအမြစ် ဖြတ်ဖို့ စိတ်ဆန္ဒ ရှိရင်တောင် အောက်ခြေ အဆင့်က လာဘ်စားမှု တွေကြောင့် ထိထိ ရောက်ရောက် မနှိမ်နင်းနိုင် ဖြစ်နေတယ်လို့ ပလောင် အဖွဲ့ အထွေထွေ အတွင်း ရေးမှုးက မှတ်ချက် ပေးသွားပါတယ်။