ကချင် တိုက်ပွဲ တွေကြောင့် တရုတ် စိုးရိမ်

  • 19 အောက်တိုဘာ 2011

ကချင်ပြည်နယ် ဝိုင်းမော် မြို့နယ်အတွင်း ကချင်လွတ်လပ်ရေး တပ်မတော် ကေအိုင်အေ တပ်ဖွဲ့တွေ နဲ့ အစိုးရတပ်ဖွဲ့တွေ အကြား ၇ ရက်မြောက်နေ့ အဖြစ် တိုက်ပွဲတွေ အပြင်း အထန် ဆက်လက် ဖြစ်ပွား နေပါတယ်။

Image caption ကေအိုင်အေ တပ်သားများ

ဗုဒ္ဓဟူး နေ့က ကေအိုင်အေ တပ်မဟာ ၅ တပ်ရင်း ၃ တပ်ဖွဲ့ဝင် တွေနဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၂၆ဝ နဲ့ ခမရ ၃၉ဝ တပ်ဖွဲ့ဝင် တွေ ကြားမှာ တိုက်ခိုက် မှုတွေ ဖြစ်ခဲ့ တာပါ။

ဝိုင်းမော် မြို့နယ် အတွင်း ဂါးရာယန် နဲ့ ရှုခင်းသာ အကြားမှာ မနက် ၆ နာရီခွဲ လောက်က စပြီး ညနေပိုင်း အထိ အပြန် အလှန် တိုက်ခိုက် ခဲ့ကြတာ ဖြစ်ပါတယ်။

မိုးမောက်မြို့နယ် ကျောက်စခန်းရွာ အောက်ချိုင့် ဘက်နဲ့ ဒေါ့ဖုန်းယန် မြို့နယ်ခွဲ မဒီးယန် မှာလဲ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ တယ်လို့ သိရ ပါတယ်။

ဗန်းမော်မြို့ရဲ့ အရှေ့ဖျားမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ အတွင်း ကေအိုင်အေ ဘက်က လည်း လက်နက်ကြီးတွေ အသုံးပြု တာကြောင့် အစိုးရ စစ်တပ်ဘက်က အကျ အဆုံး အတော် များ နေတယ်လို့ ကေအိုင်အေ ဘက်က ပြောပါတယ်။

တရုတ် နိုင်ငံ ကလည်း အခြေ အနေကို စိုးရိမ် လာတဲ့အတွက် ကေအိုင်အေ တပ်မဟာ ၄ နယ်မြေနဲ့ ထိစပ်နေတဲ့ တရုတ်နိုင်ငံ ဘက်မှာ သူတို့ရဲ့ စစ်တပ် တွေကို ချထား နေတယ်လို့ သိရ ပါတယ်။

ပုံမှန် ရှိတာထက် ပိုပြီး လက်နက်ကိုင် လုံခြုံရေး တွေ ၆၀၀ ကနေ ၈၀၀ ကြားလောက်ကို နယ်စပ်မှာ ချထားတာ တွေ့ရတယ်လို့ တရုတ် မြန်မာ နယ်စပ်က စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇောက ပြော ပါတယ်။

နယ်စပ်က မြို့တွေမှာ ရှိတဲ့ စာသင်ကျောင်းတွေ စက်ရုံ ဟောင်းတွေ၊ လက်ရှိ စက်ရုံတွေ စတဲ့ အဆောက် အဦး တွေထဲမှာ လုံခြုံရေး ယူထားကြတာ ဖြစ်ပြီး နယ်စပ်က တိုက်ပွဲတွေ ကြောင့် မတည် မငြိမ် ဖြစ်လာ လို့ စစ်ပြေး ဒုက္ခသည်တွေ ပြေးလာတဲ့ အခါ နယ်စပ် ဒေသ တည်ငြိမ် မှုကို ထိခိုက် နိုင်တဲ့ အတွက် ကြိုတင် ပြင်ဆင် ထားတာ ဖြစ်တယ်လို့ လုံခြုံရေး ယူထားသူ တွေရဲ့ ပြောဆိုမှုကို ကိုးကားပြီး ဦးအောင်ကျော်ဇောက ပြောပါတယ်။