ကရင်ပြည်နယ်မှာ တိုက်ပွဲဖြစ်ပွား

  • 19 အောက်တိုဘာ 2011
Image caption အစိုးရစစ်သား တယောက်ကျပြီး၊ ရွာသား တယောက် မော်တာကျည်အစ ထိမှန်

တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် DKBA နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU ပူပေါင်းတပ်ဖွဲ့တွေက ထိုင်းနယ်စပ်နဲ့ ထိစပ်နေတဲ့ ကရင်ပြည်နယ် အတွင်း အစိုးရ စစ်ကြောင်းတခုကို အင်္ဂါနေ့ ညနေပိုင်းက လျှပ်တပျက် ချုံခိုတိုက်ခိုက် ခဲ့ပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ နေရာကတော့ မြဝတီမြို့ တောင်ဘက်မိုင် ၅၀ လောက်အကွာ သေဘောဘိုးစခန်းဟောင်းနဲ့ သိပ်မဝေးတဲ့ ဟွေ့မဲ့ကလာ့ရွာအနားမှာ ဖြစ်ပါတယ်။

DKBA တပ်ရင်း ၉၀၉ နှင့် KNU တပ်ရင်း ၁၀၃ ပူးပေါင်းတပ်တွေက အစိုးရရဲ့တပ်ရင်း ၂၀၄ နဲ့ တပ်မ ၂၂ လက်အောက်ခံ တပ်တချို့ ပူးပေါင်းထားတဲ့ စစ်ကြောင်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ချုံခိုတိုက်တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုမှာ အစိုးရ စစ်သားတယောက်ကျပြီး၊ ရွာသားတယောက်ကတော့ မော်တာ ကျည်အစ ထိမှန်ကာ မဲဆောက်ဆေးရုံကို ရောက်လာတယ်လို့ ထိုင်းနယ်စပ် လုံခြုံရေးအရာရှိ တယောက်က ဘီဘီစီကို ပြောပါတယ်။

အဲဒီဒေသမှာ လှုပ်ရှားနေတဲ့ DKBA တပ်ဖွဲ့တွေကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကတည်းက အစိုးရ စစ်တပ်ကနေ လိုက်လံ တိုက်ခိုက်နေရာ အခုလဆန်းပိုင်းမှာတော့ တိုက်ပွဲတွေ ရပ်နေခဲ့တာ ဖြစ်ပါတယ်။

ကရင်ပြည်နယ်မှာ ငြိမ်းချမ်းရေးရဖို့ လိုလားတယ်လို့ DKBA၊ KNU စတဲ့ လူမျိုးစု လက်နက်ကိုင် သူပုန်တွေနဲ့ လက်ရှိအစိုးရ၊ နှစ်ဘက်စလုံးက ပြောဆိုနေပေမဲ့လည်း နှစ်ဘက်ကြားမှာ တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေဆဲ ဖြစ်ပါတယ်။