မြန်မာ့ ဒီမိုကရေစီရေး ဂျပန် ဆက် ထောက်ခံမယ်

  • 20 အောက်တိုဘာ 2011

ဂျပန် နိုင်ငံ ခြားရေး ဝန်ကြီး ကိုရီရှီယို ဂင်ဘာရဲ့ ဖိတ်ကြားချက် အရ မြန်မာ နိုင်ငံ ခြားရေး ဝန်ကြီး ဦးဝဏ္ဏ မောင်လွင်က ဂျပန် နိုင်ငံကို ရောက်ရှိနေပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption နိုင်ငံခြားရေး ဝန်ကြီးရဲ့ သုံးရက်ကြာ ဂျပန် ခရီးစဉ် စတင်

၁၆ နှစ် အတွင်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီး တစ်ယောက်ရဲ့ ပထမဆုံး ဂျပန် နိုင်ငံ ခရီးစဉ် အဖြစ် ကြာသပတေး နေ့က သွားရောက် ခဲ့တာ ဖြစ်ပြီး သုံးရက် ကြာ နေထိုင်မှာ ဖြစ် ပါတယ်။

သူ့ ခရီးစဉ်ရဲ့ ပထမဆုံး နေ့မှာ ဦးဝဏ္ဏ မောင်လွင်က ဂျပန် ဝန်ကြီးများရုံး ဝန်ကြီး ဖူဂျီမူရာ နဲ့ တွေ့ဆုံ ခဲ့ပြီး ဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ဌာန လက်ထောက် ပြန်ကြားရေး အရာရှိ မာဆာရူ ဆာတိုက ဘီဘီစီကို ပြောပါတယ်။

သောကြာနေ့မှာတော့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးက ဂျပန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံမှာ ဖြစ်တယ် လို့လည်း သူက ပြောပါတယ်။

နှစ်ဘက် ဆွေးနွေး မှုတွေမှာ ဂျပန် နိုင်ငံကနေ ODA လို့ ခေါ်တဲ့ ပင်လယ် ရပ်ခြား ဖွံ့ဖြိုးရေး ဆိုင်ရာ ထောက်ပံ့မှုတွေ ဘယ်လို ပေးနိုင်မလဲ ဆိုတာနဲ့ နှစ်နိုင်ငံ အပြန် အလှန် ဆက်ဆံရေး တွေ ခိုင်မာအောင် ပြုလုပ်ရေး ကိစ္စတို့ ပါဝင် နိုင်တယ်လို့ မစ္စတာ မာဆာရူ ဆာတိုက ပြော ပါတယ်။

ဂျပန် နိုင်ငံက မြန်မာ ကို ပေးတဲ့ ODA အထောက် အပံ့တွေကို ၂၀၀၃ ခုနှစ် ကတည်းက ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပြီး လူသားချင်း စာနာမှု ဆိုင်ရာ အကူ အညီတွေကိုသာ ပေးနေခဲ့တာ ဖြစ်ပါတယ်။

မကြာသေးခင်က နိုင်ငံရေး အကျဉ်းသားတွေ ကို မြန်မာ အစိုးရက လွှတ်ပေးခဲ့တာ၊ ဒီမိုကရေစီရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးတို့ အတွက် လက်ရှိ မြန်မာ အစိုးရက လုပ်ဆောင်နေတာ တွေဟာ အပြု သဘော ဆောင်တဲ့ ခြေလှမ်း အဖြစ် ဂျပန် နိုင်ငံက ယူဆပြီး မြန်မာ့ ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှု တွေကို ဆက်လက် ထောက်ခံ အားပေး သွားမယ်လို့ လည်း ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ဌာန လက်ထောက် ပြန်ကြားရေး အရာရှိ မာဆာရူ ဆာတိုက ပြောပါတယ်။