တရုတ်-မြန်မာ စီမံကိန်းတွေ ဆက်လုပ်ဖို့ တရုတ်ပြောကြား

  • 21 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption စီမံကိန်းတွေ အောင်မြင်လျှင် နှစ်ဘက်စလုံး အကျိုး ရှိမယ်လို့ မစ္စတာဝမ် ပြောကြား

တရုတ်နဲ့ မြန်မာ ပူးတွဲ စီမံကိန်းတွေကို နှစ်ဘက် ပြောထားတဲ့အတိုင်း ဆက်လက် လုပ်ဆောင်သွားသင့်တယ်လို့ တရုတ် ဝန်ကြီးချုပ် ဝမ်ဂျားဘောင်က မြန်မာ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးကို ပြောကြားလိုက်တယ်လို့ တရုတ်နေ့စဉ် သတင်းစာမှာ ရေးသား ဖေါ်ပြထားပါ တယ်။

တရုတ်နိုင်ငံတောင်ပိုင်း ဂွမ်ရှီးပြည်နယ် နန်နင်းမြို့မှာ ကျင်းပတဲ့ တရုတ်- အာဆီယံ ကုန်စည်ပြပွဲကို တက်ရောက်လာတဲ့ မြန်မာ ဒုသမ္မတကို တရုတ်ဝန်ကြီးချုပ်က သီးခြား တွေ့ဆုံပြီး အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မစ္စတာဝမ်က မြစ်ဆုံရေကာတာ စီမံကိန်းလို့တော့ ထည့်သွင်း ပြောကြားခြင်း မရှိပေမယ့် ဒီကိစ္စအပေါ် ပြေလည်အောင် ထပ်မံ ဆွေးနွေးတာ ဖြစ်နိုင်တယ်လို့ သုံးသပ် သူတွေက ဆိုပါတယ်။

ဆီနို-မြန်မာ ပူးပေါင်းလုပ်ဆောင်နေတဲ့ စီမံကိန်းကြီးတွေ အကောင်အထည် ပေါ်ခဲ့လျှင် နှစ်နိုင်ငံစလုံး အကျိုးရှိမှာ ဖြစ်တယ်လို့ မစ္စတာဝမ်က ပြောကြားခဲ့ ကြောင်းလည်း အဲဒီ သတင်းစာမှာ ရေးသားထားပါတယ်။

ဦးတင်အောင်မြင့်ဦးကလည်း မြန်မာနိုင်ငံအနေနဲ့ တရုတ်နဲ့ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းသွားမှာ ဖြစ်ပြီး၊ ဘုံအကျိုးစီးပွားတွေ အတွက် သင့်လျော်တဲ့ အဖြေရှာ ဆွေးနွေးမှုတွေ ပြုလုပ်မယ်လို့ ပြောကြားခဲ့ကြောင်း ဖေါ်ပြထားပါတယ်။