ဥရောပ-မြန်မာရုံး တာဝန်ခံ ဦးဟန်ယောင်ဝေ ပြည်တော်ပြန်

  • 21 အောက်တိုဘာ 2011
ဓာတ်ပုံ မူပိုင် euro burma
Image caption Euro-Burma ရုံးကို ၁၉၉၇ ခုနှစ်က ဘရပ်ဆဲလ်မြို့ မှာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်

ဥရောပဆိုင်ရာ မြန်မာရုံး တာဝန်ခံ၊ ဒီမိုကရက်တစ်မြန်မာ့အသံ DVB ရဲ့ ယာယီ ညွှန်ကြားရေးမှူးတာဝန်ယူထားသူ၊ အဝေးရောက် စင်ပြိုင်အစိုးရမှာလည်း အကြံပေးလုပ်ခဲ့ဖူးသူ ဦးဟန်ယောင်ဝေ ဟာ သူ့သမီးနဲ့အတူ ကြာသပတေး ညက မြန်မာပြည်ကို ပြန်တော်ပြန်သွားခဲ့ပြီလို့ သိရပါတယ်။

ဦးဟန်ယောင်ဝေက ပုဂ္ဂလိက ခရီးစဉ်အနေနဲ့ မြန်မာနိုင်ငံကို ခေတ္တသွားရောက်တာ ဖြစ်ကြောင်း DVB ကို အကြောင်းကြားသွားတယ်လို့ DVB ရဲ့ ထိုင်းနိုင်ငံ ဌာနခွဲရုံး တာဝန်ခံ ကိုတိုးဇော်လတ်က ဘီဘီစီကို ပြောပါတယ်။

ပြန်မရောက်တာ နှစ် ၅၀ ရှိသွားပြီဖြစ်တဲ့အတွက် သူငယ်ငယ်က နေထိုင် ကြီးပြင်းခဲ့ရာ နေရာကို ပြန်သွားကြည့်ဖို့နဲ့ လက်ရှိ အခြေအနေကို လေ့လာချင်တယ်လို့ ဆိုပါတယ်။

လက်ရှိအခြေအနေအရ မြန်မာအစိုးရကလည်း ဆောင်ရွက်မှုတွေ မြန်ဆန်နေတဲ့အချိန်မှာ နှစ် ၅၀ အတွင်း ပထမဦးဆုံးပြန်သွားတဲ့ တိုင်းရင်းသားခေါင်းဆောင် တဦး ဖြစ်လေတော့ ထူးခြားမှုရှိကြောင်း ကိုတိုးဇော်လတ်က ပြောပါတယ်။

သူထားခဲ့တဲ့စာထဲမှာတော့ မြန်မာပြည်ရောက်တဲ့အခါ သူ့ကိုတွေ့ချင်သူတွေကို လွတ်လွတ် လပ်လပ် တွေ့မှာ ဖြစ်ကြောင်း ရေးသားထားတယ်လို့ ဆိုပါတယ်။

သူ့အနေနဲ့ အစိုးရနဲ့ အပေးအယူ လုပ်ဖို့ သွားတာ မဟုတ်ကြောင်းကိုလည်း ဦးဟန်ယောင်ဝေက ပြောထားခဲ့ကြောင်း ကိုတိုးဇော်လတ်က ပြောပါတယ်။