ပခုက္ကူ ရွှေချောင်း ရေလျှံ၊ လူ ၅၀ ကျော် သေဆုံး

  • 21 အောက်တိုဘာ 2011
PKU Flood
Image caption ပခုက္ကူ ရွှေချောင်းတံတား ချောင်းရတိုက်စား ကျိုးကျပုံ

အောက်တိုဘာလ ၂၀ ရက် ကြာသပတေးနေ့က မိုးသည်းကြီး မဲကြီး ရွာသွန်းတဲ့အတွက် ပခုက္ကူ မြို့နယ် အရှေ့ဘက်က ရွှေချောင်းမှာ ရေလျှံပြီး ရွှေချောင်းတံတား ကျိုးခဲ့ပါတယ်။

ရွှေချောင်းတံတားဟာ ပခုက္ကူ မြို့မနဲ့ ရွှေချောင်းတဘက်မှာ ရှိတဲ့ အုပ်ချုပ် ရေး ရုံးတွေကို ဆက်သွယ်ထားတဲ့ တံတား ဖြစ် ပါတယ်။

ချောင်းရေထဲမှာ စေတီတဆူ၊ ဘုန်းကြီးကျောင်း တကျောင်းနဲ့ အိမ်ပေါင်း ၂၀၀ ကျော် ရေမျောပါသွားခဲ့ပါတယ်။ လူပေါင်း ၅၃ ယောက်ရဲ့ အလောင်းတွေကို ဆယ်ယူရရှိခဲ့ပြီး နောက်ထပ် လူ ၇၀ ကျော်လည်း ပျောက်ဆုံးနေပါတယ်။

ဒေသခံတွေကတော့ မိုးကြီးရုံနဲ့ ချောင်းရေ ဒီလောက်များများ လာတာ မကြုံတွေ့ဖူးလို့ ဆည်ရေဖောက်ချသလားဆိုတဲ့ သံသယစိတ် ဝင်နေကြပါတယ်။ ဒါပေမဲ့ ဆည်ရေ ဖောက်ချခဲ့ကြောင်း အတည်ပြုနိုင်တဲ့ သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံ မတွေ့ရပါဘူး။