မြစ်ကြီးနားမြို့မှာ ပေါ်တာဆွဲတော့မယ်

  • 22 အောက်တိုဘာ 2011
Image caption ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်နေဆဲပါ

စစ်ဖြစ်ပွားရာ ကချင်ပြည်နယ်ဘက်ကို အစိုးရစစ်တပ်ရဲ့ရိက္ခာတွေ ပို့ဆောင်ပေးဖို့ အတွက် အထမ်းသမားတွေ လိုအပ်နေလို့ မြစ်ကြီးနားမြို့ပေါ်မှာ ပေါ်တာဆွဲဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အစိုးရစစ်တပ်နဲ့ ကချင်လွတ်လပ်ရေး တပ်မတော် KIA တို့ စစ်ဖြစ်ပွားရာ ရှေ့တန်း ဒေသတွေအတွက်၊ အစိုးရစစ်တပ်က ရိက္ခာ ပို့ဆောင်ဖို့နဲ့ လမ်းပြအဖြစ် အသုံးပြုဖို့ လူအင်အားတွေ လိုအပ်နေသေးတယ်လို့ မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးက မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးခေါ်ပြီး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြို့တော်ခန်းမမှာ ပြုလုပ်ခဲ့တဲ့ ဒီအစည်းအဝေးမှာ အစိုးရရဲ့ စစ်ဆင်ရေးအတွက် လမ်းပြတွေ၊ အထမ်းသမားတွေ လိုအပ်လာရင် ရပ်ကွက်တခုကို လူ အယောက် ၅၀ စီ တောင်းခံသွားမယ်ဆိုပြီး၊ အသိပေး ပြောကြားသွားတယ်လို့ ဒေသခံတယောက်က ပြောပြပါတယ်။

ဘယ်နေ့ ဘယ်အချိန်မှာ ဆင့်ခေါ်မယ်ဆိုတာကိုတော့ မပြောသေးဘူးလို့လည်း သူက ဆိုပါတယ်။ ဒါပေမဲ့ ပြည်သူလူထုတွေကတော့ ပေါ်တာဆွဲခံရမှာ စိုးတဲ့အတွက် ည (၇) နာရီ ကျော်တာနဲ့ အိမ်ပြင် မထွက်ရဲကြတော့ဘူးလို့ ပြောပါတယ်။

အဲဒါကြောင့် အခုဆိုရင် မြစ်ကြီးနားမြို့ပေါ်မှာ ည ၇ နာရီ အချိန်လောက် ဆိုရင် တိတ်ဆိတ် နေပြီလို့ အဲဒီဒေသခံက ပြောပါတယ်။

မြစ်ကြီးနား မြို့စွန်ရပ်ကွက်တွေဖြစ်တဲ့ တပ်ကုန်း၊ မန်ထိန်၊ ကျွန်းပင်သာ စတဲ့ရပ်ကွက်တွေနဲ့ ဝိုင်းမော်ဘက်တွေမှာတော့ အရင်ကတည်းက ပေါ်တာ ဆွဲနေခဲ့သလို အခုချိန်ထိလဲ ဆွဲနေ တုန်း ဖြစ်တယ်လို့ သိရပါတယ်။