ပေါက် နဲ့ ဆိပ်ဖြူ တဝိုက် ရေကြီး

  • 22 အောက်တိုဘာ 2011
Pauk Flood
Image caption တံတားကြီးလည်း ကျိုးပျက်ခဲ့

ယောနယ် ပုံတောင်ပုံညာကနေ စီးလာတဲ့ ယောချောင်းနဲ့ ကျောချောင်းကရေတွေ အဆမတန် များတာကြောင့် ပခုက္ကူခရိုင် ပေါက်မြို့နယ်နဲ့ ဆိပ်ဖြူမြို့နယ်က ရွာပေါင်း ၆၀ ကျော်ရေမြုပ်ပျက်စီးခဲ့သလို လူတွေ ၁၀ ဂဏန်းထိ သေဆုံးခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်ကစပြီး မြန်မာပြည် အနောက်ပိုင်းမှာ မိုးအဆက်မပြတ် ရွာသွန်းခဲ့တာကြောင့် ၁၉ ရက်နေ့ညမှာ ချောင်းရေတွေ အတော် မြင့်တက် လာတာကြောင့် ယောချောင်းနဲ့ ကျောချောင်းဘေးက ရွာတွေက စိုက်ခင်းတွေ လူနေအိမ်တွေ ရေနစ်မြုပ်ခဲ့ပါတယ်။

ယောချောင်းနဲ့ ကျောချောင်းဆုံတဲ့ ပေါက်မြို့နယ်ကနေ အောက်ပိုင်း ဆိတ်ဖြူမြို့နယ်ထိ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ပေါက်ဒေသခံတယောက်က ပြောပါတယ်။

''မင်းကိုင်းရွာက ရွာလုံးကျွတ် ရေလွှမ်းဒဏ်ခံရတယ်။ တရွာလုံး ဘုရားကုန်းပေါ်မှာ တက်နေရတယ်။ စဖန်တို့ ရွှေဘုံသာ တို့မှာလည်း စိုက်ခင်းတွေပျက်စီးတယ်။ စိုက်ခင်းကတော့ ရွာတိုင်းပျက်တာဗျ။ လမ်းဘေး ဝဲယာမှာလေ။ ညောင်၀န်းပေါက် ရွာပေါ့။ ရွာတရွာလုံးရေမြုပ်တာ။ ရေပြာက တော်တော် များတယ်။ လူ ၆ ယောက် သေတယ် ။ ရေပြာတံတားက တိုင်ပဲကျန်တယ်။ အုန်းတောတံတားကလည်း တိုင်ပဲကျန်တယ်။''

''ဆိပ်ဖြူဖက်တွေကလည်း ရွာ ၃၀ လောက်နစ်တယ်။ ချောင်းနားရွာက အိမ်ခြေ ၆၆ အထိ ပျက်စီးတယ်၊ လူ ၂ ယောက်သေတယ်။ နောက် ချောင်းမ အထက်နားက ဘို့မယ်ဆိုတဲ့ရွာက ဘုန်းကြီးကျောင်းကြီး ကျွတ်ပြီးတော့မှ ကျောင်းပေါ်မှာ ဘုန်းကြီး ၈၅ နှစ်အရွယ် ဘုန်းတော်ကြီးရော ကျောင်းထိုင် ဘုန်းတော်ကြီးရော ရေမျောပြီးတော့ ပျံလွန်တော်မူတယ်။''

ပေါက်မြို့ဘေးမှာရှိတဲ့ ဆင်စာချောင်း တံတားမှာ ဒိုက်တွေပတ်ပြီး ရေတားသလို ဖြစ်သွားလို့ ပေါက်မြို့ပေါ်က ဈေးကြီးအပါအ၀င် ရပ်ကွက် ၅ ခု လောက်လည်း ရေ၀င်သွားခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

ပေါက်မြိုနားက ကျွန်းတော ချောင်းကူး၊ ဘို့မယ် ရေပြာ စတဲ့ ရွာတွေက ကြက်သွန်ခင်းတွေ ဗာဂျီးနီးယား စိုက်ခင်းတွေနဲ့ လယ်တွေ ၉၅ ရာနုန်းလောက် ပျက်စီး ကုန်တယ်လို့ သိရပါ တယ်။

ချောင်းခင်းတွေ မဆင်မခြင်စိုက်ပျိုးတာနဲ့ချောင်းတွေက ကောနေတဲ့အတွက် မိုးသည်း ထန်စွာ ရွာတဲ့အခါ ရေက ကြီးပြီး ရေလွှမ်းသွားတာ ဖြစ်နိုင်တယ်လို့ ဒေသခံက ပြောပါတယ်။

ယောချောင်းကိုဖြတ်သွားတဲ့ ရေပြာချောင်းတံတားနဲ့ အုန်းတောတံတားကျိုးသွားတာအပြင် ချောင်းအထက်ပိုင်းက လမ်းပိုင်းတွေမှာ တောင်ပြိုတာကြောင့် ချင်းပြည်နယ်နဲ့ ကျောက်ထု ဆော နဲ့ပေါက် စတဲ့အထက်ပိုင်းမြို့တွေနဲ့ ပခုက္ကူကို လအတော်ကြာထိ ဆက်သွယ်မှု ပြတ်တောက် နိုင်တယ်လို့ သိရပါတယ်။

မကွေးတိုင်းအုပ်ချုပ်ရေးအဖွဲ့ကလည်း ပခုက္ကူတဝိုက် ကွင်းဆင်း စစ်ဆေးနေတယ်လို့ သိရပါတယ်။