အမေရိကန် ကိုယ်စားလှယ် မြန်မာနိုင်ငံကို ရောက်ရှိ

  • 24 အောက်တိုဘာ 2011

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် ဒဲရက်က် မစ်ချဲလ်ဟာ ဒီကနေ့နဲ့ မနက်ဖြန် နှစ်ရက်ကြာ ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ဒုတိယအကြိမ် ရောက်ရှိလာခဲ့ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် ဒဲရက်က် မစ်ချဲလ်

မစ္စတာမစ်ချဲလ်ဟာ စက်တင်ဘာလတွင်းက ပထမအကြိမ် မြန်မာနိုင်ငံကို လာရောက်ခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ မစ်ချဲလ်အနေနဲ့ မြန်မာနဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမို ကောင်းမွန်အောင် ဆောင်ရွက် နိုင်ဖို့အတွက် မြန်မာနိုင်ငံကို ကြိမ်ဖန် များစွာ လာရောက်ဖို့ ရှိပြီး အစိုးရနဲ့ရော နိုင်ငံ တည်ဆောက်ရေးမှာ ပါဝင်ရမယ့် တခြား လူ ပုဂ္ဂိုလ် အဖွဲ့အစည်းတွေနဲ့ပါ တွေ့သွားမှာ ဖြစ်တယ်လို့ အမေရိကန် သံရုံး ပြောခွင့်ရသူက ဘီဘီစီကို ပြောပါတယ်။

မြန်မာ အစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ထပ်လွှတ်ပေးဖို့၊ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေ၊ တိုင်းရင်းသား မျိုးနွယ်စုတွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဖို့၊ တိုင်းရင်း သား လူမျိုးနွယ်တွေ အပေါ် အကြမ်းဖက် လုပ်ရပ်တွေကို အဆုံးသတ် ပစ်ဖို့နဲ့ နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာဖို့အတွက် မစ္စတာ မစ်ချဲလ် အနေနဲ့ မြန်မာအစိုးရနဲ့ အခွင့်ရတိုင်း ဆောင်ရွက်သွားမယ်လို့ အမေရိကန် သံရုံး ပြောခွင့်ရသူက ပြောပါတယ်။

အခုလို ၂လတာ ကာလအတွင်း မြန်မာနိုင်ငံကို မစ္စတာ မစ်ချဲလ် ဒုတိယအကြိမ်မြောက် လာရောက်တာကို ကြည့်ခြင်းအားဖြင့် အမေရိကန် မြန်မာ ဆက်ဆံရေး အရှိန်မြင့်လာတယ် လို့ ယူဆရကြောင်း၊ ဒါပေမယ့်လည်း အမေရိကန် အစိုးရ တောင်းဆိုနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ပြန်လွှတ်ပေးရေး ကိစ္စနဲ့ ပတ်သက်လို့တော့ အမေရိကန် အစိုးရနဲ့ မြန်မာအစိုးရကြားမှာ အမြင်ကွာဟမှုတွေ ရှိနေတာကြောင့် ဒါတွေကို ဆွေးနွေးညှိနှိုင်းပြီးမှ ဆက်ဆံရေး ပြေလည် နိုင်မှာ ဖြစ်တယ်လို့ LSE လန်ဒန် စီးပွားရေး တက္ကသိုလ် အပြည်ပြည် ဆိုင်ရာ ဖွံ့ဖြိုးရေး ဌာနက မြန်မာပညာရှင် ဒေါက်တာ ဇာနည်က သုံးသပ်ပါတယ်။

မစ္စတာ မစ်ချဲလ်ရဲ့ နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏ မောင်လွင် အပါအဝင် အစိုးရ ထိပ်တန်း ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံဖို့ ရှိတယ်လို့ ဝါရှင်တန်မြို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောပါတယ်။

ဒေါက်တာဇာနည်နဲ့မေးမြန်းခန်းကို နားဆင်နိုင်ပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။