အမေရိကန် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံ

  • 25 အောက်တိုဘာ 2011
derek mitchell ဓာတ်ပုံ မူပိုင် AP
Image caption အရင် စက်တင်ဘာ လ အတွင်း က လည်း မြန်မာပြည် ကို လာခဲ့

မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်က် မစ်ချဲလ် ဟာ ဒီတခေါက် သူ့ ခရီးစဉ် နောက်ဆုံးနေ့ ဖြစ်တဲ့ အင်္ဂါနေ့ မှာ ဒေါ်အောင်ဆန်း စုကြည် နဲ့ တွေ့ဆုံ ခဲ့ပါတယ်။

နှစ်ဘက် အကြား ဘာတွေဆွေးနွေး ခဲ့ကြ သလဲ ဆိုတာ ကိုတော့ အသေးစိတ် မသိရသေး ပါဘူး။

မစ္စတာ မစ်ချဲလ်က မြန်မာနဲ့ ၂ နိုင်ငံကြား ဆက်ဆံရေး ပိုမို ကောင်းမွန်အောင် ဆောင်ရွက် နိုင်ဖို့အတွက် မြန်မာနိုင်ငံကို ကြိမ်ဖန် များစွာ လာရောက်ဖို့ ရှိပြီး အစိုးရနဲ့ရော နိုင်ငံ တည်ဆောက်ရေးမှာ ပါဝင်ရမယ့် တခြား လူ ပုဂ္ဂိုလ် အဖွဲ့အစည်းတွေနဲ့ပါ တွေ့သွားမှာ ဖြစ်တယ် လို့ သိရပါတယ်။

မြန်မာ အစိုးရကနေ နိုင်ငံရေး အကျဉ်းသားတွေကို ထပ်လွှတ်ပေးဖို့၊ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေ နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ် ဖို့၊ တိုင်းရင်း သား လူမျိုးတွေ အပေါ် အကြမ်းဖက် လုပ်ရပ်တွေကို အဆုံးသတ် ဖို့ သူ့ရဲ့ ၂ ရက်တာ ခရီးစဉ်အတွင်း တိုက်တွန်း သွားဖို့ ရှိတယ်လို့လည်း ရန်ကုန်ရှိ အမေရိကန် သံရုံး ပြောခွင့် ရသူက ဘီဘီစီ ကို ပြောပါတယ်။

မစ္စတာ မစ်ချဲလ် ဟာ ခရီးစဉ် အတွင်း ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်း၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏ မောင်လွင် စတဲ့ သူတွေ နဲ့ လည်း တွေ့ဆုံခဲ့တယ်လို့ အမေရိကန်သံရုံးဘက်က သိရပါတယ်။