လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအတွက် ကော်မရှင်ထံ တိုင်ကြားမယ်

  • 26 အောက်တိုဘာ 2011
Image caption ထောင်ချခံခဲ့ရပြီး လိုင်စင်ပါ အသိမ်းခံ ရတော့ နှစ်ခါ နာတယ်လို့ ရှေ့နေဦးအောင်သိန်းကပြော

နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး ထောင်ကျခံခဲ့ရတဲ့ ရှေ့နေတွေ၊ ဆရာဝန်တွေရဲ့ အသက်မွေး ဝမ်းကျောင်း လိုင်စင်တွေ ပိတ်ပင် ခံရမှုနဲ့ ကျောင်းသားတွေ ကျောင်းပြန်တက်ခွင့် ပိတ်ပင်ခံကြရမှုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရတာ ဖြစ်တဲ့အတွက် ပိတ်ပင် ခံရသူတွေက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ထံ တိုင်ကြားဖို့ ပြင်ဆင်နေ ကြပါတယ်။

ရှေ့နေလိုင်စင် ရုပ်သိမ်းခံထားရသူ တစ်ယောက် ဖြစ်တဲ့ ဦးအောင်သိန်းကတော့ နိုင်ငံရေးအရ ထောင်ချခံခဲ့ရပြီးနောက် အသက်မွေးဝမ်း ကျောင်းမှုကိုပါ ထပ်ပိတ်တဲ့ အတွက် ၂ ဆင့်နာတယ်လို့ ပြောပါတယ်။ အဲဒီအတွက် လူ့အခွင့် အရေး ကော်မရှင်ကို တင်မှာ ဖြစ်ကြောင်း ဘီဘီစီကို ရှင်းပြပါတယ်။

အခုလို လိုင်စင် သိမ်းခံထားရမှုကို ကျေနပ်မှုမရှိကြောင်းနဲ့ ကိုယ့်အခွင့်အရေးအရ တောင်းဆို မှာ ဖြစ်ပြီး အသနားခံတင်ပြမှာ မဟုတ်ဘူးကြောင်းကိုလည်း သူက ဆက်ပြောပါတယ်။

လူ့အခွင့်အရေး ကော်မရှင်က အခုလို မတရား လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုတွေ အတွက် စုံစမ်းစစ်ဆေးပြီး ဖြေရှင်းပေးဖို့ တာဝန်ရှိကြောင်းနဲ့ တရားရုံးက အမိန့် ချမှတ် ပြီးသားဖြစ်လို့ ကော်မရှင်က မကိုင်တော့ဘူးဆိုရင်တော့ ဒါဟာ တရား မျှတမှုမရှိကြောင်း ဦးအောင်သိန်းက ပြောပါတယ်။

အခုလောလောဆယ် အသက်မွေးဝမ်းကျောင်း လိုင်စင် အပိတ်ခံရတာနဲ့ ကျောင်းဆက်တက် ခွင့် မရသူ အယောက် ၂၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ပေါ်ပေါက် လာခဲ့ပြီးတဲ့နောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်း အရေးယူမယ်လို့ ထုတ်ပြန် ကြေညာ ထားတာ ဖြစ်ပါတယ်။