သံဃာတွေကို ဆန္ဒပြခွင့် ပြုသင့် သလား

  • 26 အောက်တိုဘာ 2011

အင်္ဂါနေ့က ပြုလုပ် ခဲ့တဲ့ အမျိုးသား လွှတ်တော် ဆွေးနွေးမှု တွေမှာ သံဃာတော် တွေ ဆန္ဒ ပြခွင့် မပေးသင့် ဘူးလို့ ထည့်သွင်းခြင်း မပြုဖို့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီဘက်က အဆို တင်သွင်း ခဲ့ ပါတယ်။

Image caption ငြိမ်းချမ်းစွာ ဆန္ဒ ပြခွင့် ဥပဒေကို ပြည်သူ့ လွှတ် တော် မှာ အတည် ပြုခဲ့ ပြီးဖြစ်

သံဃာတော် တွေဟာ သာသနာရေး ဆိုင်ရာ ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ အတွက် မပါဝင် သင့်ဘူးလို့ ပြောတာက လွဲပြီး တခြား တိကျ ခိုင်လုံတဲ့ အကြောင်း ပြချက် မျိုးတော့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ ဘက်က မပြောခဲ့ဘူး လို့လည်း ဒေါက်တာ အေးမောင်က ပြောပါတယ်။

ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီက ဦးလှရွှေနဲ့ ဦးခင်မောင်ရီ တို့က တင်သွင်းခဲ့တာ ဖြစ်ပြီး ရခိုင် တိုင်းရင်းသား များ တိုးတက်ရေး ပါတီ RNDP က ဦးအုန်းတင် ကလည်း ပါဝင် ဆွေးနွေး ခဲ့တယ်လို့ RNDP ပါတီ ဥက္ကဌ ဖြစ်တဲ့ အမျိုးသား လွှတ်တော် အမတ် ဒေါက်တာ အေးမောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ လကတည်းက ပြည်သူ့ လွှတ်တော်မှာ အတည်ပြုခဲ့ပြီး ဖြစ်တဲ့ ဆန္ဒပြခွင့် ဥပဒေ မူကြမ်းမှာ ပါဝင်တဲ့ ဆန္ဒပြလို သူတွေ အနေနဲ့ သက်ဆိုင်ရာကို ကြိုတင် အကြောင်း ကြားရမယ့် ရက် ကန့်သတ်ချက်ကို လည်း တစ်ပတ် ကနေ သုံးရက် အထိ လျှော့ချ ပေးဖို့ တင်ပြ ခဲ့တယ် လို့လည်း သိရ ပါတယ်။

အဲဒီ ဆွေးနွေးသူ သုံးယောက်နဲ့ ဥပဒေကြမ်း ကော်မီတီတို့ ပြန်တွေ့ ပြီးတဲ့ အခါမှာ လွှတ်တော်ကို ပြန်တင် ပြီး ဆက်လက် ဆွေးနွေး ကြရဦးမှာ ဖြစ်ပါတယ်။

ဗြိတိသျှ ကိုလိုနီခေတ် ကတည်းက မြန်မာ နိုင်ငံရဲ့ လွတ်လပ်ရေး လှုပ်ရှားမှု သမိုင်းကို ပြန်ကြည့်ရင် သံဃာနဲ့ နိုင်ငံရေး၊ ကျောင်းသားနဲ့ နိုင်ငံရေး ဆိုတာ ခွဲခြားလို့ မရခဲ့ဘူး ဆိုတာ တွေ့ခဲ့ရတဲ့ အတွက် RNDP ပါတီ အနေနဲ့ ကတော့ သံဃာတော်တွေ ပါဝင်ခွင့် ကိစ္စမှာ တစုံတရာ အတိုင်း အတာ အထိ လွတ်လပ်မှု ပေးသင့် တယ်လို့ ယူဆ ကြောင်းလည်း ဒေါက်တာ အေးမောင်က ပြောပါတယ်။