ထိုင်းရေဘေးသင့် မြန်မာတွေ အိမ်ပြန်နေ

  • 27 အောက်တိုဘာ 2011
Image caption ဘန်ကောက်မြို့ မော်ချစ်ကားဂိတ်ကနေ မြန်မာတွေ ထောင်နဲ့ချီပြီး နေ့စဉ် ထွက်ခွာနေ

ထိုင်းနိုင်ငံမှာ ရေးဘေးသင့်နေကြတဲ့ မြန်မာ အလုပ်သမားတွေ မြန်မာနိုင်ငံကို ပြန်နေကြရာ၊ ဘန်ကောက်မြို့ မြောက်ဘက် မော်ချစ်ကားဂိတ်ကနေ ထောင်နဲ့ချီတဲ့ မြန်မာတွေ နေ့စဉ် ထွက်ခွာ နေတယ်လို့ သိရပါတယ်။

နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ပြီး အလုပ် လုပ်နေကြတဲ့ မြန်မာ အလုပ်သမားတွေ အနေနဲ့ ထိုင်းနိုင်ငံမှာ အရေးပေါ် အစိုးရ ရုံးပိတ်ရက် ကြေညာထားတာကြောင့် လိုအပ်တဲ့ ကိစ္စရပ်တွေအတွက် ထိုင်း လဝက ရုံးရှိရာ နေရာတိုင်းမှာ ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးအောင်သိန်းက ဘီဘီစီကို ပြောပါတယ်။

နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ပြီး အလုပ် လုပ်နေကြတဲ့ မြန်မာတွေဟာ ထိုင်း လဝက ရုံးမှာ သုံးလတကြိမ် အကြောင်းကြားရတာ ဖြစ်လို့၊ ရေကြီးနေတဲ့အတွက် အခက်အခဲဖြစ်နေ ကြရတာ ဖြစ်ပါတယ်။

အလုပ်သမားတွေ နိုင်ငံကူးလက်မှတ် သက်တန်းတိုးတဲ့ အခါမှာလည်း ကုန်ကျစရိတ်အတွက် အရင် ဘတ်ငွေ ၄၅၀ ရှိရာကနေ အခုတော့ ၁၅၀ အထိ လျှော့ချပေးထား ကြောင်း ကိုလည်း ပြောပါတယ်။

ဘန်ကောက်မြို့ ပတ်ဝန်းကျင် ရေကြီးတဲ့ နေရာတွေက မြန်မာအလုပ်သမားတွေ အတွက် နခွန်ပဒုံမှာ သီးခြား ကယ်ဆယ်ရေး စခန်ဖွင့်ပြီး ကူညီပေးနေတယ်လို့ လည်း သံအမတ်က ပြောပါတယ်။

သံအမတ်ဦးအောင်သိန်းက အဲဒီနေရာကို ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့ပြီး၊ လောလော ဆယ် မြန်မာ ရေဘေးဒုက္ခသည် တရာကျော် လောက်ရှိတယ်လို့လည်း သူကပြောပါတယ်။

ဒုက္ခသည်တွေအနေနဲ့ အရေးပေါ် အကူအညီရယူနိုင်ဖို့ သံရုံးဖုန်းနံပါတ်တွေ ပေးထားပြီး အချိန် မရွေး ဆက်သွယ်နိုင်ကြောင်း ဦးအောင်သိန်းက ပြောပါတယ်။