ရန်ကုန်မှာ လယ်သမားတွေ ဆန္ဒပြ

  • 27 အောက်တိုဘာ 2011

မြန်မာ နိုင်ငံ အတွင်း သိမ်းဆီးခံထားရတဲ့ လယ်ယာမြေ တွေ ပြန်လည် လုပ်ကိုင် ခွင့် ရဖို့ ကြာသပတေးနေ့ မနက်ကပဲ လယ်သမား(၆၀) နီးပါဟာ ရန်ကုန် မြို့ ဗိုလ်ချုပ် အောင်ဆန်း လမ်ပေါ်က အိုးအိမ် ဦးစီး ဌာနရုံး ရှေ့မှာ ဆိုင်းဘုတ် ကိုင်ဆောင် ဆန္ဒပြ တောင်းဆို ခဲ့ကြ ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ဆန္ဒပြ လယ်သမား တွေကို လုံခြုံရေး တွေက လူစု ခွဲခိုင်း

မကြာသေးခင်က လွှတ်တော် ကနေ ပြဌာန်း လိုက်တဲ့ ပုဒ်မ(၃၉) ဟာ လယ်သမားတွေ အတွက် အကျိုး မဖြစ် စေဘဲ ဆုံးရှုံး နစ်နာ စေတဲ့ အတွက် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေကို ဖျက်သိမ်း ပေးဖို့ တောင်းဆို ဆန္ဒပြ ဆန္ဒပြတာလို့ သိရပါတယ်။

ဆန္ဒပြမှုကို လူ့အခွင့် အရေး ရှေ့နေ ကိုဖိုးဖြူနဲ့ လယ်သမား တချို့က ဦးဆောင်စီစဉ် ခဲ့တာပါ။

တောင်သူလယ်သမား တွေမှာ ဥပဒေကြောင်း အရ ဆောင်ရွက် ရမယ့် နည်းလမ်း ကုန်ဆုံး နေပြီ ဖြစ်လို့ လူကိုယ်တိုင် ထွက် ဆန္ဒပြ တောင်းဆို ကြရတာ ဖြစ်တယ်လို့ ရှေ့နေ ကိုဖိုးဖြူက ပြောပါတယ်။

ရန်ကုန်တိုင်း အတွင်း မြို့နယ် တွေ ဖြစ်ကြတဲ့ တောင်ဒဂုံ အရှေ့ပိုင်း၊ မြောက်ပိုင်းနဲ့ ဆိပ်ကမ်း မြို့နယ် အပြင် သံလျင် မြို့နယ်နဲ့ သုံခွ မြို့နယ်က လယ်သမားတွေက သူတို့ လိုလားချက် တွေ ရေးထားတဲ့ ဆိုင်းဘုတ် တွေကို ကိုင်ပြီး သွားရောက် ဆန္ဒ ပြခဲ့ ကြတာ ဖြစ်ပါတယ်။

လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်မှု ဥပဒေ ပုဒ်မ လန ၃၉ ကို မကျေနပ်လို့ ဖျက်သိမ်း ပေးဖို့ လယ်သမား တွေ စတင် ဆန္ဒပြကြတဲ့ မိနစ်ပိုင်း အတွင်းမှာပဲ လုံခြုံရေး တွေ ရောက်လာပြီး လူစု ခွဲခိုင်း တယ်လို့ မျက်မြင် တွေက ပြောပါတယ်။

လုံထိန်း ရဲတွေက လယ်သမား တွေကို သူတို့ဟာ သက်ဆိုင်ရာကို အကြိုတင် အကြောင်း ကြားပြီး ဆန္ဒပြတာ မဟုတ်တဲ့ အတွက် တရားမဝင် လို့ ဖမ်းဆီး နိုင်တယ်လို့ ပြောဆိုပြီး လူစု ခွဲခိုင်းတာ တွေရတဲ့ အကြောင်း မျက်မြင် သက်သေ တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

မြန်မာ နိုင်ငံမှာ ဆန္ဒပြတာ တွေကို အာဏာပိုင် တွေက တားမြစ် ထားပြီး၊ အခု အစိုးရ လက်ထက်မှာ လွတ်လပ်စွာ ဆန္ဒ ပြခွင့် ဥပဒေ မူကြမ်းကို လွှတ်တော်မှာ ဆွေးနွေး နေဆဲ ဖြစ်ပါတယ်။

အာဏာပိုင်တွေက ဆန္ဒပြမှုမှာ ဦးဆောင်သူ တချို့ကို ခေါ်ယူ စစ်ဆေး နေတယ်လို့ သတင်းတွေ ထွက်နေ ပေမဲ့ ဘီဘီစီက တော့ အတည် မပြု နိုင်သေး ပါဘူး။

ရန်ကုန်တိုင်း အတွင်းက လယ်ယာမြေ ဧက နှစ်သောင်းကျော်ကို အာဏာပိုင်တွေ သိမ်းယူ ထားပြီး မြို့သစ် တည်တာ ကုမ္ပဏီ တွေကို လုပ်ငန်း ခွဲပေး ခဲ့တာတွေကြောင့် တကယ် တန်း လယ်လုပ်သူတွေ လယ်လုပ် ပိုင်ခွင့် ဆုံးရှုံးပြီး အလုပ် လက်မဲ့ ဖြစ်နေတယ်လို့ တောင်ဒဂုံက လယ်သမား တစ်ယောက်က ပြောပါတယ်။