တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေဆက်

  • 27 အောက်တိုဘာ 2011
Image caption ကေအိုင်ယူတပ်ဖွဲ့ဝင်တွေ

ကရင်ပြည်နယ်၊မြဝတီမြို့တောင်ဖက်မိုင် ၈၀ လောက်အကွာက၊အစိုးရစစ်တပ်အခြေစိုက်တဲ့ ဘုရင့်နောင်စခန်းကို၊ ကေအင်ယူ ကရင်အမျိုးသား အစည်းအရုံးက အောက်တိုဘာလ ၂၇ ရက် မနက်ဘက်က အလစ်၀င်တိုက်လို့ အစိုးရစစ်သား ၃ ယောက်ထက်မနဲ့ သေဆုံးသွားတယ်လို့ ထိုင်းလုံခြုံရေး အရာရှိတဦးက ဘီဘီစီကို ပြောပါတယ်။

အစိုးရစစ်တပ်ကလည်း၊လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပြန်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဟာ နာရီဝက်နီးပါး ကြာခဲ့တယ်လို့ ဆိုပါတယ်။ ကေအင်ယူဘက်က အထိအခိုက်မရှိပဲ ဆုတ်ခွာ သွားနိုင်ကြတယ်လို့ ထိုင်းအရာရှိက ပြောပါတယ်။

ကချင်ပြည်နယ်အတွင်းမှာလည်း ကေအိုင်အေ ကချင် လွတ်လပ်ရေးတပ်မတော် နဲ့အစိုးရစစ်တပ်တွေအကြား နေ့စဉ်လိုလို တိုက်ပွဲတွေဖြစ်ပွားနေရာမှာ ၊ဗုဒ္ဓဟူးနေ့ညပိုင်းစလို့ ကြာသပတေးနေ့မနက်အထိ ဒေါဖုန်းယန်မြို့နယ်ခွဲနဲ့ ဝိုင်းမော်မြို့နယ်အစပ်က နန်ဆန်ယန် နဲ့ ကန်တော်ယန် ရွာအကြားမှာ ကေအိုင်အေ တပ်မဟာ(၅) လက်အောက်ခံ လှုပ်ရှားတပ်ဖွဲ့၀င်တွေ နဲ့ အစိုးရစစ်တပ်တွေအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ကြာသပတေးနေ့ နေ့လည်မှာ မြစ်ကြီးနား–ဆွန်ပရာဘွမ်လမ်းပေါ်က မိုင်တိုင် အမှတ်(၄၆)မိုင်အကွာ၊ တံတားတခုထိပ်ရှိ အစိုးရစစ်တပ်ရှေ့တန်းကင်းစခန်းတခုကို၊ ကေအိုင်အေတပ်မဟာ(၁)လက်အောက်ခံ ရှေ့တန်းစစ်ကြောင်းတပ်ဖွဲ့၀င်တစုက ၀င်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နှစ်ဘက်ထိခိုက်ကျဆုံးမှုတွေ ရှိတယ်လို့ သိရပေမဲ့ အတည်ပြုနိုင်ခြင်းမရှိပါဘူး။