အသျှင် ဂမ္ဘီရကို လွှတ်ပေးဖို့ သမ္မတဆီ စာပို့တောင်းဆို

  • 28 အောက်တိုဘာ 2011
SAFRON ဓာတ်ပုံ မူပိုင် monk
Image caption သံဃာ့လှုပ်ရှားမှုကို လုံခြုံရေးက နှိမ်နင်းဖို့ ပြင်ဆင်ထားခဲ့စဉ်

သံဃာလှုပ်ရှားမှုကို အဓိက ဦးဆောင်ခဲ့တဲ့ ဆရာတော်တွေထဲက တပါးဖြစ်တဲ့ ဘဒ္ဒန္တ ဂမ္ဘီရဟာ ကလေး ထောင်ထဲမှာ စိတ်ရောကိုယ်ပါ ကျန်းမာရေး ဆိုးဆိုးဝါးဝါး ထိခိုက် ချို့ယွင်းလာတဲ့ အတွက် သူ့ကို ထောင်က လွှတ်ပေးဖို့ မိသားစုက သမ္မတဆီ စာရေး တောင်းဆိုလိုက်ပါတယ်။

ဆရာတော်ကို နှိပ်စက်ညှင်းပန်းခံခဲ့ရတဲ့ အပြင် လုံလောက်တဲ့ ဆေးဝါးကုသမှုလည်း မရရှိခဲ့တဲ့ အတွက် ထောင်က ပြန်လွှတ်ပေးဖို့ မိသားစုက တောင်းဆိုထားတာ လို့ဆိုပါတယ်။

ဆရာတော် ဦးဂမ္ဘီရ ကကျန်းမာရေး အတွက် ထောင်အပြင်ထွက် လမ်းလျှောက်ခွင့် တောင်းဆိုတဲ့ အခါ ထောင်အာဏာပိုင်တွေက ရိုက်နှက်ခဲ့တယ်လို့လည်း အစ်မဖြစ်သူ ဒေါ်ခင်သူဌေး ကပြောပါတယ်။

ဦးဂမ္ဘီရကို လက်ထိပ် နောက်ပြန်ခတ်ပြီး ၊ ခေါင်းစွပ်စွပ် ရိုက်နှက်ခဲ့ပါတယ်။ ခေါင်းနဲ့ နောက်ကျောကို ရိုက်နှက်ပြီး ဘုန်းကြီးမဟုတ်ဘဲ၊ ရိုးရိုးလူသာဖြစ်ကြောင်း အဓမ္မ ဝန်ခံခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ရိုက်နှက် ညှင်းဆဲ ပြီးနောက်မှာ ဒဏ်ရာကြောင့် နာကျင်တဲ့ အခါမှာ၊ ဆေးထိုးပေးခဲ့တယ်လို့ ဆိုပါတယ်။ ထိုးပေးတဲ့ ဆေးတွေဟာ ဘာဆေးဆိုတာ တိတိကျကျ မသိရပေမဲ့ စိတ်ငြိမ်ဆေး ဒါမှမဟုတ် မော်ဖိန်း ဖြစ်နိုင်တယ်လို့ ပြင်ပက ဆရာဝန်တွေကို တိုင်ပင်ကြည့်တဲ့ အခါ ထင်မြင်ချက်ပေး ကြောင်းလည်း ပြောပါတယ်။

ဒီအကြောင်းတွေကိုလည်း မကြာမီတုန်းက ထောင်က လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေက ပြန်ပြောပြလို့ သိရတာလို့ ဆိုပါတယ်။

ဒါ့အပြင် ဆေးထိုးပေးသူဟာလည်း ဆရာဝန်မဟုတ်ဘဲ၊ ထောင်ပိုင်ကလေး ဆိုသူသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ကလေးထောင်မှာ ကာလရှည်ကြာ ဆရာဝန်မရှိခဲ့ဘဲ၊ မကြာခင်ကလေးကမှ ဆရာဝန်ရောက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

ကလေးထောင် ထောင်မှူးကြီးကို ဆက်သွယ် မေးမြန်းကြည့်တဲ့ အခါမှာတော့ ကလေးမြို့မှာ ပါရဂူ ဆရာဝန်ကြီးတွေ ၇ ယောက်ရှိပြီး လိုရင် လိုအပ်သလို ထောင်ထဲကို ခေါ်ယူပြီး ဆေးကုသမှု ပေးနေတယ်လို့ ဆိုပါတယ်။

ဦးဂမ္ဘီရရဲ့ အစ်မ ဖြစ်သူ ဒေါ်ခင်သူဌေးက သမ္မတဆီပေးပို့တဲ့စာကို မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်၊ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့နဲ့ တခြား ထင်ရှားတဲ့ အဖွဲ့ အစည်းတွေကိုလည်း မိတ္တူပေးပို့ထားတယ်လို့ ဆိုပါတယ်။