နိုင်ငံရေး ပါတီအဖြစ် NLD မှတ်ပုံ တင်သင့် မတင်သင့် ဆွေးနွေးမည်

  • 28 အောက်တိုဘာ 2011
NLD ပါတီခေါင်းဆောင်များ ဓာတ်ပုံ မူပိုင် bbc
Image caption NLD ပါတီခေါင်းဆောင်များ

ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက လွှတ်တော်နှစ်ရပ်လုံး အတည် ပြုပြီးတဲ့နောက် ရွေးကောက်ပွဲ မဝင်တဲ့ NLD ပါတီနိုင်ငံရေး ပါတီအဖြစ် ဆက်မှတ်ပုံတင်ရေး မတင်ရေး မေးစရာ ဖြစ်နေပါတယ်။

NLD ပါတီရဲ့ ဒုတိယဥက္ကဌ ဦးတင်ဦးကတော့ ဒီကိစ္စကို လာမဲ့ အပတ်အတွင်း ပါတီဗဟို အလုပ်အမှုဆောင်ထဲမှာ အကြေအလည် ဆွေးနွေးကြမှာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။

အဓိကအားဖြင့် အခြေခံဥပဒေမှာ ပါတဲ့အချက်အချို့ကို လက်မခံနိုင်လို့ ပါတီအဖြစ် မှတ်ပုံမတင်ခဲ့သလို ရွေးကောက်ပွဲလည်း NLD ပါတီက မဝင်ခဲ့ပါဘူး။

အခုအခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ ဆွေးနွေးပွဲတွေရဲ့ ရလဒ်ကအပြုသဘော ကျေနပ်စရာတွေပါဝင်လာတယ်လို့ ဦးတင်ဦးကပြောပါတယ်။

တဖက်က အခြေခံဥပဒေကို စောင့်ရှောက်ရမယ် ဆိုတဲ့အချက်အပါအဝင် အခြားအသေးစိပ် ပြင်ဆင်မှုတွေလည်း ထွက်လာနိုင်စရာရှိလို့ ဒီကိစ္စကို ဆက်လက်ဆွေးနွေးပြီး ချက်ခြင်းတော့ အဖြေပေါ်ဦးမှာ မဟုတ်ဘူးလို့ပြောပါတယ်။