မြန်မာ အာဆီယံဥက္ကဌဖြစ်ရေး လေ့လာမှု စတင်

  • 29 အောက်တိုဘာ 2011
Marty
Image caption မစ္စတာ မာတီ နာတာလေ ဂါဝါ

မြန်မာ နိုင်ငံကို သုံးရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိ နေတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး မာတီ နာတာလေ ဂါဝါဟာ သောကြာနေ့တုန်းက ရန်ကုန်မြို့မှာ အစိုးရမဟုတ်တဲ့ အဖွဲ့တွေက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ လက်ရှိ အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ယူထားတဲ့ နိုင်ငံဖြစ်ပါတယ်။

မစ္စတာ မာတီ နာတာလေ ဂါဝါဟာ ကုန်သွယ်ရေး၊ သာသနာရေး၊ မီဒီယာ၊ အခြား NGO နဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီး ၂၀၁၄ မှာ မြန်မာ နိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဌ ဖြစ်ရေးနဲ့ ပတ်သက်လို့ သဘောထားတွေ မေးမြန်းခဲ့ပါတယ်။

မြန်မာ နိုင်ငံ အာဆီယံ ဥက္ကဌ နေရာ ရယူခြင်း အားဖြင့် ဒီမို ကရေစီ အပြောင်း အလဲကို ပိုပြီး တွန်းအား ပေးသလို ဖြစ်နိုင်မလား၊ တခြားဘက်ကို လမ်းလွဲသွားမလား၊ အာဆီယံ အသိုင်းအဝိုင်းမှာ မြန်မာ နိုင်ငံ ဘယ်လို ပါဝင်သင့် သလဲ၊ မြန်မာ နိုင်ငံဟာ အာဆီယံနဲ့ အတူ လက်တွဲပြီး ဒီမိုကရေစီ အပြောင်း အလဲနဲ့ ငြိမ်းချမ်းရေး ရရှိရေး တို့ကို လုပ်ဆောင် နိုင်မလား စတာတွေနဲ့ ပတ်သက်ပြီး သဘောထားတွေကို မေးမြန်း ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

NGO အဖွဲ့အစည်းတွေဘက်ကလည်း အာဆီယံဘက်ကနေ အစိုးရချင်း ဆက်ဆံတာအပြင် လူထုအချင်းချင်းလည်း ဆက်သွယ်ဆောက်ရွက်ဖို့၊ နောက်ပြီး မြန်မာ အစိုးရအနေနဲ့လည်း ကိုယ်နဲ့ နီးစပ်ရာ အဖွဲ့တွေနဲ့ လုပ်ဆောင်တာအပြင် အခြား လူထုအခြေပြု အဖွဲ့တွေနဲ့လည်း ဆက်သွယ်ဆောင်ရွက်လာစေဖို့ လိုတဲ့အကြောင်းကို တင်ပြဆွေးနွေးခဲ့တယ်လို့ အင်ဒိုနီးရှားဝန်ကြီးနဲ့ တွေ့ခဲ့သူ မင်္ဂလာ မြန်မာ NGO အဖွဲ့က ဒေါက်တာ ဖုန်းဝင်းက ပြောပါတယ်။