အမေရိကန် လက်ထောက်ဝန်ကြီး မြန်မာပြည် ရောက်

  • 1 နိုဝင်ဘာ 2011

အမေရိကန် ပြည်ထောင်စု ဒီမိုကရေစီနဲ့ လူ့ အခွင့် အရေး ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ်လ် ပေါ့စ်နာဟာ နိုဝင်ဘာ ၁ ရက်နေ့က မြန်မာ နိုင်ငံကို ရောက်ရှိ လာပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption အမေရိကန် အရာရှိ လေးရက်ကြာ ခရီးစဉ် စတင်

မိုက်ကယ်လ် ပေါ့စ်နာဟာ ဒီကနေ့ ကနေ နိုဝင်ဘာ လေးရက်နေ့ အထိ မြန်မာ နိုင်ငံမှာ လေးရက်ကြာ နေထိုင်မှာ ဖြစ်ပါတယ်။

ရောက်လာတဲ့ ပထမဆုံး နေ့မှာ မစ္စတာ ပေါ့စ်နာက နိုင်ငံရေး ပါတီ အသီးသီးက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။

သူနဲ့ တွေ့ဆုံ ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု အန်ဒီအက်ဖ်ပါတီ ခေါင်းဆောင် ဦးခင်မောင်ဆွေက ပတ်ဝန်းကျင် နိုင်ငံ တွေကို အမေရိကန် ဘက်က ဆက်ဆံပုံနဲ့ မြန်မာ အပေါ် ဖိအားပေး ဆက်ဆံပုံ မတူတာကို ထောက်ပြပြီး အပေး အယူလုပ် ညှိနှိုင်း တာမျိုးပဲ ဖြစ်သင့်တယ်၊ ဖိအား ပေးတာ သက်သက်တော့ မဖြစ် သင့်ဘူးလို့ ပြောဆိုခဲ့တဲ့ အကြောင်း ဘီဘီစီကို ပြောပါတယ်။

မနက်ဖြန် မှာလည်း မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန် အထူး သံတမန် ဖြစ်တဲ့ မူဝါဒပိုင်း ဆိုင်ရာ ညှိနှိုင်း ဆောင်ရွက် ရေးမှူး ဒဲရက် မစ်ချဲလ် မြန်မာ နိုင်ငံကို ရောက်လာ ဦးမှာ ဖြစ် ပါတယ်။

အမေရိကန် သံတမန် နှစ်ယောက် စလုံးက မြန်မာ အရာရှိတွေ၊ နိုင်ငံ တကာ အဖွဲ့ အစည်း အသီးသီးက ထိပ်တန်း ကိုယ်စားလှယ်တွေ အပြင် လူထု အခြေပြု အရပ်သား အဖွဲ့ အစည်း တွေနဲ့ လည်း တွေ့ဆုံပြီး နိုင်ငံရေး အကျဉ်းသားများ ကိစ္စ လူ့ အခွင့် အရေး ကိစ္စတို့နဲ့ ပတ်သက်တဲ့ အကြောင်း တွေကို ဆွေးနွေးကြဖို့ ရှိတယ်လို့ ရန်ကုန် အမေရိကန် သံရုံး ပြောရေး ဆိုခွင့် ရှိသူက ဘီဘီစီကို ပြော ပါတယ်။

တချိန်တည်း မှာပဲ ကုလ သမဂ္ဂ အတွင်း ရေးမှူးချုပ်ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီးယားလည်း နေပြည်တော်မှာ ရောက်နေပြီး ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင် မြင့်ဦး အပြင် အစိုးရ အရာရှိ တွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။